Monday, March 31, 2008

အရင်းအနှီးနှင့် အယုအယ

အဆိုအမိန့် တစ်ခုရှိပါသည်။ အရင်းအနှီးဆိုတာ လိုချင်တဲ့နေရာကို သွားသည်။ ပြီးတော့ အပြုအစုအယုအယကောင်းသည့် နေရာမှာ ကြာကြာနေသည်......ဟုဆိုထားသည်။ လိုချင်တဲ့နေရာဆိုတာ ဘယ်နေရာကို ဆိုလိုတာလဲ ။ အပြုအစုကောင်းတဲ့နေရာဆိုတာ ဘယ်လိုနေရာလဲဆိုတာ လေ့လာကြည့်ရအောင်.........။ ငွေဆိုတဲ့ အရင်းအနှီးဆိုတဲ့ အပျိုချောကို ပိုးနည်းပမ်းနည်းတွေ ချစ်ရုံကြင်ရုံမျှမက ဘ၀တစ်သက် အိမ်ထောင်ဖက်ဖြစ်ဖို့တွေ အထိကြံစည်ကြရပါသည်။ ငွေကလည်း မူယာမာယာများလှသည်။ ပိုးသူပန်းသူကလည်း ဗျူဟာများရသည်။ နောက်ဆုံးတွင် ပိုးနည်း (၁၂)နည်းရှိကြောင်း နည်းဗျူဟာမျှဝေလိုက်ပါသည်။
(၁) အပြောင်းအလဲနည်းသော၊ တည်ငြိမ်သော၊ ရေရာသေချာသော၊ ကြိုတင်တွက်ဆနိုင်သော နိုင်ငံအဆင့် စီးပွားရေးမူဝါဒများ ရှိရမည်။
(၂) ထိရောက်ထက်မြက်သော ရိုးသားသော အစိုးရတစ်ရပ် ရှိရမည် - ရင်းနှီးမြှပ်နှံသူ တစ်ယောက်သည် အိမ်ရှင်အစိုးရ၏ တရားဥပဒေစိုးမိုးထိန်းသိမ်းနိုင်စွမ်းကို အားကိုးအားထားပြုသည်။
(၃) ကြီးမားပြီး တိုးတက်သော ဈေးကွက်ရှိရမည်။
(၄) ဈေးကွက်၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိရမည် - လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်စွမ်း၊ ဈေးကွက်တစ်ခုထဲဝင်ရောက်ရန် ကိုယ့်အစိုးရ၊ သူ့အစိုးရအဟန့်အတားသည် အရေးကြီးပါသည်။
(၅) အစိုးရ၏ စည်းမျဉ်းစည်းကမ်း အနည်းဆုံး ဖြစ်ရမည် - ပုဂ္ဂလိကလုပ်ငန်းများ၏ အရေးအရာများနှင့် အကျိုးအမြတ်များအပေါ် အစိုးရ၏၀န်ပိမှုအနည်းဆုံးဖြစ်ရမည်။
(၆) ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရမည်။
(၇) စိတ်ချအားကိုးလောက်သော လမ်းပန်းဆက်သွယ်ရေး ရှိရမည်။
(၈) ခိုင်မာသော ပြည်တွင်းငွေကြေးရှိရမည် - ပြည်တွင်းငွေကြေး၏တန်ဖိုးတည်ငြိမ်ရန် လိုအပ်သည်။ ထိုအတွက်လည်း အစိုးရ၏ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒ ခိုင်မာရမည်။ လုပ်ဆောင်ချက် ကောင်းရမည်။
(၉) အဆင့်မြင့် ကုန်ထုတ်စွမ်းအားစုများ ရရှိနိုင်ရမည်။
(၁၀) အမြတ်တွေပြန်ပို့ခွင့် - အကျိုးအမြတ်တွေရသော်လည်း ပြန်သယ်ခွင့် ပြန်ပို့ခွင့် မရလျှင် မည်သူမျှ ရင်းနှီးချင်မည်မဟုတ် ၊ဒါကြောင့် အကျိုးအမြတ်၊ အမြတ်ဝေစု၊ အတိုးများကို ပြန်ပို့ခွင့် ရှိရမည်။
(၁၁) အခွန်စနစ် - မရောက်သေးသော အရင်းအနှီးများ ရောက်လာအောင် ဆွဲဆောင်ရန် လုပ်သာ ကိုင်သာသော အခွန်စနစ်ရှိရန် လိုအပ်သည်။
(၁၂) ဈေးကွက်များအကြား လွတ်လပ်စွာ လှုပ်ရှားခွင့် - နိုင်ငံတနိုင်ငံမှ နောက်တစ်နိုင်ငံ၊ ဈေးကွက်တစ်ခုမှ နောက်တစ်ခုသို့ ကုန်စည်နှင့် ၀န်ဆောင်မှုများရွှေ့ပြောင်းနိုင်စေရမည်။
ကဲ..............ပိုးနည်းပန်းနည်းကတော့ လေ့လာမိသလောက်ပေါ့........ကျန်တာ ပိုးသူနဲ့ အပျိုချောတို့ရဲ့ သဘောထားပေါ့နော့ .............။

Thursday, March 6, 2008

“ ၀ယ်သူသည် ပထမ၊ ၀န်ထမ်းသည် နံပါတ်-၁ ”

မရေးတာကြာလို့ ဘာအကြောင်းရေးရမလဲဆိုပြီး စဉ်းစားလိုက်တာ ပတ်ဝန်းကျင်မှာ ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် ရေးစရာအကြောင်းလေး ပေါ်လာခဲ့ပါတယ်။ ကုမ္ပဏီဝန်ထမ်းအတော်များများမှ ပြောနေကြတဲ့ အလုပ်ခွင် နေမပျော်မှုပါပဲ။ အခုလုပ်ငန်းများဟာ ၀ယ်သူက နံပါတ်- ၁၊ ၀ယ်သူသည် အမြဲမှန်သည် ဟူသော မူကိုသာ အာရုံစိုက်နေကြပါတယ်။ အခုလို ၀ယ်သူများကို အလေးထားတာ လုပ်ငန်း၏ နမည်ဂုဏ်သတင်းကောင်းကို ရရှိရုံသာမက လုပ်ငန်းအတွက် ၀ယ်လိုအားများများ ရရှိလာနိုင်ပြီး လုပ်ငန်းအတွက် ၀င်ငွေလည်း ခိုင်မာစွာ တိုးလာနိုင်ပါတယ်။ ဒါပေမဲ့ ၀ယ်လိုအားတွေ အရမ်းများပြီး ရောင်းလိုအားမလိုက်နိုင်ရင်ရော ဆိုတဲ့အချက် စဉ်းစားဖို့ မေ့တတ်ကြပါတယ်။ ဆိုလိုတာက မိမိဝန်ထမ်းများက တိုးလာတဲ့ ၀ယ်လိုအားကို ပြန်ဖြည့်စွမ်းပေးနိုင်ဖို့အား ရှိရဲ့လား ။ သူဌေးအတော်များများဟာ မိမိဝန်ထမ်းများကို ငါတော့ တန်ရာတန်ကြေးပေးထားတာပဲဆိုပြီး အလုပ်ကို စီးပွားတွက်ခိုင်းစေကြပါတယ် ။ အဓိကကတော့ ဆက်ဆံရေးမပြေလည်မှုများကြောင့် ၀န်ထမ်းအတော်များများဟာ လုပ်ငန်းခွင် နေပျော်မှုမရှိတော့ပါဘူး ။ ၄င်း၏အကျိုးဆက်အားဖြင့် ၀န်ထမ်းများသည် ၄င်းတို့၏ လခအလိုက်သာ စိတ်မပါပဲ အလုပ်တွေ လုပ်ကြတော့ပါတယ်။ ဒီအခါမှာ ကုမ္ပဏီအတွက် အများကြီး နစ်နာပါတယ်။ ၀န်ထမ်းရဲ့ စိတ်မပါမှုများကြောင့် ခိုင်းစေသော အလုပ်မှလွဲ၍ ကျန်အလုပ်များကို မလုပ်ပဲ ခိုကပ်လာကြသည်။ ကုမ္ပဏီအတွက် အကျိုးရှိရာ အကျိုးရှိကြောင်းများကို တီထွင်လိုစိတ်၊ တွေးတောစိတ်များ နည်းလာကြသည်။ အမှန်စင်စစ်တွင် ၀န်ထမ်းများသည် ကုမ္ပဏီနှင့် ၀ယ်သူဖောက်သည်အကြား ဆက်သွယ်ပေးသော တံတားပင်ဖြစ်ရာ ထိုတံတားကြီး ပျက်စီးလျှင် လုပ်ငန်းသည် ၀ယ်သူများနှင့် အဆက်ပြတ်မယ်ဖြစ်ရာ “ ၀ယ်သူသည် နံပါတ်- ၁”ဆိုသော ဆောင်ပုဒ်လည်း ဖုန်တက်လာလိမ့်မည်။ သစ်ပင်သည် ရေသောက်မြစ်နှင့် ပင်စည်မရှိလျှင် အကိုင်းအခက်များလည်း ရှိမည်မဟုတ်ပေ။ အသီးအပွင့်များလည်း ဖြစ်လာမည်မဟုတ်ပေ။ အလားသဏ္ဌာန်တူပါသည် ၊ ကုမ္ပဏီလုပ်ငန်းများသည်လည်း မတည်ငွေ ရေသောက်မြစ်ရှိပြီး ၀န်ထမ်းဟူသော ပင်စည်သည် ခနော်ခနဲ့ ဖြစ်နေလျှင် အကိုင်းများသည်လည်း တဖြုတ်ဖြုတ်ကြွေကျမည်။ အသီးများသည်လည်း အဖတ်တင်မည်မဟုတ် ။ ပြိုင်ဘက်များဖြင့် အပြိုင်အဆိုင်ဖြစ်နေသော ဈေးကွက်စီးပွားရေးစနစ်တွင် မိမိ၏ အသီးအပွင့်များ ချိုမြိန်ဖို့အရေး ၀န်ထမ်းဟူသော ပင်စည်ကို ခိုင်ခိုင်မာမာဖြင့် သန်စွမ်းအောင် အားဖြည့်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် “ ၀ယ်သူသည် ပထမ၊ ၀န်ထမ်းသည် နံပါတ်-၁ ” ဟူသော ဆောင်ပုဒ်လေးကို ပြောင်းကြရအောင်...................