Wednesday, December 12, 2007

အလုပ်ကို စောင့်နေမှာလား .....

ဘ၀ရဲ့နာကျင်မှုများနဲ့ ပြည့်လျှံနေပြီး လူမှုဆိုးကျိုးတွေ အများဆုံး ခံစားနေသူတွေကတော့ အလုပ်လက်မဲ့တွေပါပဲ။ သူတို့တွေဟာ ဘ၀ရဲ့ပျော်ရွှင်မှုတွေ ကွယ်ပျောက်နေကြသလို နာကျင်မှုတွေနဲ့သာ လုံးထွေးနေကြရပါတယ်။ အခုခေတ်မှာ နိုင်ငံခြားသားတွေကိုတောင် ငှားရမ်းခိုင်းနေကြတဲ့ လုပ်ငန်းရှင် လူငယ်တွေ အများကြီး ရှိနေကြသလို ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂလေရိုက်နေတဲ့ လူငယ်တွေကို တွေ့နေရတယ်။ သူတို့ကို ဆန်းစစ်ကြည့်တဲ့အခါ အလုပ်မရှိတာထက် အလုပ်လုပ်ချင်တဲ့စိတ် မရှိတာပါ။ တချို့ကလည်း သူတို့နဲ့ သင်တော်တဲ့ အလုပ်မရှိတာလို့ ဆိုပါတယ်။ အကြံပေးချင်တာက အလုပ်ကို မရွေးပဲ အတွေ့အကြုံရယ်လို့သတ်မှတ်ပြီး လုပ်ကြည့်လိုက်ပါ။ တချို့ လူငယ်လေးတွေရဲ့ ပါစပ်ဖျားက ပြောနေကြစကားက ငါမိဘက ကျွေးထားလိမ့်မယ် တဲ့။ အဲ့လို အိမ်ထောင်ကျပြီးသည်အထိ မိဘလုပ်စာ ထိုင်စားနေတဲ့ လူတွေလည်း လက်တွေ့မှာ တပုံကြီးပါ။ အဲ့ဒါနဲ့ ဆက်စပ်ပြီး ပုံပြင်တပုဒ်ရှိတယ်။ တခါက လယ်သမားကြီးတစ်ယောက်ဟာ လယ်လုပ်ငန်းတွေ အောင်မြင်တာနဲ့ ချမ်းသာလာတယ်။ သူလည်း တခြားသူဌေးတွေလို ကားဝယ်စီးသတဲ့။ ကားကြီးနဲ့ မြို့ထဲကို လျှောက်သွားတဲ့အခါ လူတွေက ၀ိုင်းကြည့်ကြသတဲ့။ ဒါပေမဲ့ ထူးဆန်းတာက သူရဲ့ ကားက ဘယ်အရာကိုမျှ တိုက်မိခြင်း မရှိပါဘူး။ လူတွေ ရယ်နေကြတာက .......။ အမှန်တကယ်တော့ လယ်သမားကြီးက ကားမမောင်းတတ်ဘဲ ကားကို မြင်းနှစ်ကောင်နဲ့ ဆွဲသွားတာပါ။ မြင်းတွေ မောပန်းတဲ့အခါ လိုရာခရီးရောက်ဖို့ ဘယ်လိုသွားမလဲ ဆိုတာကို မစဉ်းစားထားတဲ့ လယ်သမားကြီးပါ။ ကားရဲ့ ပင်ကိုစွမ်းအားကို မသုံးဘဲ ပြင်ပ မြင်းတွေရဲ့ အကူအညီကိုပဲ အားကိုးတဲ့ လယ်သမားကြီးပါလား...............

1 comment:

သက်ထွန်းညိမ်း said...

ဖူးဖူးက အတွေးအခေါ်စာတွေတော်တော်ရေးတာပဲနော်
ဖတ်ရတာတကယ်ကောင်းတယ် တစ်ခါတစ်လေစဉ်းစားမိတယ်
အဲဒီလိုတွေးနိုင်အောင်လို့လေ....