Friday, October 17, 2008

JIT ( Just – in – Time )

JIT ဆိုတာ အခုတလော ထုတ်လုပ်မှုလုပ်ငန်းတွေ အများဆုံးအသုံးပြုနေကြတဲ့ စနစ်ပါ။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လုပ်ငန်းတွေမှာ အမြတ်ရရှိသင့်သလောက်တာတွေ၊ ကုန်စည်ဟာ ရှိရမယ့် ဈေးနှုန်းထက် များနေတာတွေ ဒါတွေဟာ ဘာကြောင့် တွေကြောင့်လဲ။ လေလွင့်မှုတွေကြောင့်ပါ။ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ကုန်ကြမ်းတွေမှာပဲဖြစ်ဖြစ် တကယ်အသုံးပြုရမှာထက် ပိုပြီး သုံးမိတာ။ ဒါမှမဟုတ်ရင် ထုတ်လုပ်မှုဖြစ်စဉ်မှာ အပျက်အစီးတွေများတာ၊ ကုန်ကြမ်းတွေကို မလိုအပ်ဘဲအများကြီးကိုင်ဆောင်ထားလို့ နေရာ ပုတ်သွားတာ၊ ငွေတွေအိပ်နေတာတွေ၊ ပျက်စီးသွားတာတွေ ၊ ကုန်ချောတွေကလည်း မှာယူမှုတွေထက် အများကြီးထုတ်မိတော့ ဂိုဒေါင်မှာ ပုံနေတာတွေ စသဖြင့် ပြဿနာတွေ အရှုံးတွေအများကြီး ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ဂျပန်လုပ်ငန်းတွေက ဒါကို သတိပြုမိပြီး JIT စနစ်ဆိုတာကို တီထွင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်သင့်လျှော်တဲ့ နေရာတွင် မှန်ကန်စွာ ထုတ်လုပ်နိုင်ရန် ရည်၇ွယ်ပါတယ်။ မှန်ကန်တယ်ဆိုတဲ့ အသုံးဟာ လုပ်ငန်းအတွက် အမြတ်ကျန်နိုင်ရတယ်၊ ကုန်စည် အရည်အသွေးကောင်းနိုင်ရမယ်။ လုပ်သားတွေ အဆင်ပြေစေရမယ်။ စရိတ်အသက်သာဆုံး ဖြစ်နေရမယ်။ ထုတ်လုပ်မှု ဖြစ်စဉ် အဆင်ပြေချောမွေ့နေရမယ်။ ကုန်စည်အရည်အသွေး ကောင်းရမယ်။ အလေ့အလွင့် လုံးဝမရှိစေရပေါ့။ ဒါတွေကို ဆိုလိုပါတယ်။ဟုတ်ပါတယ် အလေအလွင်တွေကို လုံးဝမရှိအောင်လုပ်ဆောင်ရပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဒါတွေဟာ ကုန်စည်ရဲ့စရိတ်ကို ထပ်တက်စေတာတွေပါ။ ဥပမာပြောရရင်တော့ ကုန်ကြမ်းအမယ်တွေကို သိုလောင်တဲ့အခါ ထုတ်လုပ်မှုဖြစ်စဉ်နဲ့ ဝေးတဲ့နေရာမှာထားထာတယ်ဆိုပါစို့။ ဒါဆိုရင် သူတို့ကို ထုတ်လုပ်မှုဖြစ်စဉ်ဆီ သယ်ဆောင်တဲ့အခါ လေလွင့်မှုတွေရှိလာမယ်။သယ်လာတာက ၁၀ ဂရမ်၊ ထုတ်လုပ်မှုဖြစ်စဉ်ရောက်တော့ ၇ ဂရမ်းဖြစ်သွားတာမျိုး၊ ကုန်ချောတွေ အများကြီးထုတ်လုပ်မိတဲ့အခါ ကုန်လက်ကျန်တွေ အများကြီးဖြစ်လာမယ်။ ဒါဆိုရင် မလိုအပ်ဘဲ ထိန်းသိမ်းခတွေ တက်လာမယ်၊ ငွေကလည်း အိပ်လာမယ်။ လေလွင့်မှု ဖြစ်ဖို့များတယ်၊ နောက် မလုပ်ဘဲ ပြန်ပြန်ပြင်နေရတာမျိုးတွေပေါ့။
JIT ကို lean production or stockless production လို့လဲ သိကြပါတယ်။ အခြေခံသဘောတရားကတော့ order လာမှ လိုအပ်တဲ့ ကုန်ကြမ်းကို လိုသလောက်ဘဲမှာမယ်၊ လိုသလောက်ဘဲထုတ်လုပ်မယ်၊ ဖြစ်စဉ်စီးဆင်းမှုကိုလည်း အချိန်အတိုဆုံးဖြစ်အောင် ပြင်ထားမယ်။ကုန်ကြမ်းမှာယူတဲ့အခါမှာလည်း တလက်ကိုင်မထားပါဘူး၊ ကုန်ကြမ်းအမယ်များစွာတွေကို တမျိုးချင်းဆီမှာ အကောင်းဆုံးအရည်အသွေး ပေးနိုင်မယ့် supplier တွေကို ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ supply chain ကလည်း သေချာစီမံအုပ်ချုပ်မှုကောင်းဖို့လိုပါတယ်။ဘာကြောင့်လဲ ဆိုတော့ လိုအပ်တဲ့အချိန်မှာ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေ နှောင့်နှေးခြင်းမရှိဘဲ စရိတ်သက်သက်သာသာရောက်လာဖို့ပါ။ ထုတ်လုပ်မယ့်နေရာကလည်း စရိတ်သက်သာနေဖို့လိုပါတယ်။ ကုန်ကြမ်းအမြန်ရအောင်လို့ ကုန်ကြမ်းရရှိမယ့်နေရာနဲ့ အနီးဆုံးမှ ထုတ်လုပ်မှုကို လုပ်မယ်ဆိုရင်လည်း အဲ့နေရာက လုပ်အားခ အရမ်းဈေးကြီးနေမယ့်နေရာမျိုး ၊ ငှားခတွေ အရမ်းဈေးကြီးမယ့်နေရာမျိုးဆို ဘာမှမထူးပါဘူး။ ဒါကြောင့် right place ဖြစ်ဖို့လိုပါတယ်။ ထုတ်လုပ်တဲ့အခါ အပျက်အစီးကို zero defect goal ထားပြီး စနစ်ကျကျ လုပ်ဆောင်ရပါမယ်။ ဒီနေရာမှ ဖြစ်စဉ်စီးဆင်းမှု၊ အထားအသိုတွေဟာ စနစ်ကျနေဖို့လိုပါတယ်။အလေအလွင့်ဆိုတဲ့နေရာမှာ အချိန်၊ လုပ်အားတွေလည်း ပါပါတယ်။ လုပ်အားကိုသုံးတဲ့နေရာမှာ အနည်းဆုံးလျှော့ချနိုင်သလောက်လျှော့ချရပါလိမ့်မယ်။ သုံးတဲ့ လုပ်သားကလည်း efficient (စွမ်းရည်ပြည့်ပြည့်လုပ်နိုင်ရမယ်) effective (မှန်းထားသလောက် ထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိရမယ်) တစ်ယောက်ဆိုတစ်ယောက် တကယ်အသုံးကျစွာ လုပ်နိုင်ရပါမယ်။ အချိန်ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဖောက်သည်လိုအပ်တဲ့အချိန်မှာ အမြန်ဆုံးပို့ပေးနိုင်အောင်ပါ။ ထုတ်လုပ်မှုဖြစ်စဉ်ကထွက်လာတဲ့ ကုန်ချောဟာ နောက်ထပ်ပြန်ပြင်စရာ မလိုအောင် သေချာဂရုစိုက်ဖို့လိုပါတယ်။ နောက်ထပ်ပြန်ပြင်နေရမယ်ဆိုရင် အချိန်တွေရော၊ စရိတ်တွေရော ထပ်တက်လာမှာပါ။ အရည်အသွေးပြည့်ဝတဲ့ ကုန်စည်ထွက်လာရင်တော့ ၀ယ်ယူသူဆီ အမြန်ဆုံး မနှောင့်နှေးဘဲ ပို့ဆောင်ပေးရမှာပါ။
JIT ကို service ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးအသုံးချကြပါတယ်။ အထူးသဖြင့် စားသောက်ဆိုင်တွေမှာပါ။ ဒါပေမယ့် ဂျပန် တိုယိုတာကတော့ ဒီစနစ်ကို သုံးပါတယ်။သူကပဲ စထွင်ခဲ့ပါတယ်။ နောက်ပြီး Airbus A -380 လေယာဉ်ကို တည်ဆောက်တဲ့အခါ ဒီစနစ်ကို သုံးတဲ့အတွက် နောက်ဆုံးမှာ အလေအလွင့် လုံးဝမရှိခဲ့ပါဘူး။ သူကလည်း ကုန်ကြမ်းမှာတဲ့အခါ နိုင်ငံအစုံကနေ အရည်အသွေး ကောင်းကောင်းတွေ ခွဲပြီးမှာယူတယ်လို့ ကြားဖူးပါတယ်။
တိုယိုတာကဖော်ထုတ်ခဲ့တဲ့ JIT elements တွေက

1. Stabilize and level the MPS with uniform plant loading
အလုပ်ရုံတိုင်းမှာ တူညီတဲ့ထုတ်လုပ်မှုကွင်းဆက်ဖြစ်နေဖို့လိုပါတယ်။ ဥပမာ စက်ရုပ်လုပ်မယ်ပဲဆိုပါဆို့ ဖြစ်စဉ်ကို ဘယ်အစိတ်အပိုင်းပြီးရင် ဘယ်အစိတ်အပိုင်းတပ်မလဲဆိုတာ သေချာပြင်ဆင်ထားရမယ်။ ကိုယ်လုံးပြီးရင် လက်တွေတပ်မှာလား၊ဒါဆို ဒီဘက်က ကိုယ်လုံးတွေ လုပ်နေတဲ့အချိန်မှာ တခြားအလုပ်ရုံက လက်တွေ လုပ်နေရမှာပါ။ တခြားအလုပ်ရုံတွေကလဲ သက်ဆိုင်ရာအစိတ်အကိုင်းတွေ လုပ်နေရမှာပါ။ ကိုယ်ထည် လုပ်တဲ့ ရုံက ကိုယ်ထည်ထွက်လာတဲ့အချိန်မှာပဲ လက်လုပ်တဲ့ အလုပ်ရုံကလည်း စက်ရုပ်မှာတပ်ဆင်ဖို့ လက်ကို ပြီးနေရပါမယ်။ ကျန်အစိတ်အပိုင်းတွေကလည်း အဲ့လိုပါပဲ။ ဒါမှ တပ်ဆင်တဲ့ဌာနမှာ အဆင်သင့်တပ်ဆင်နိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်ရုံတွေဟာ တစ်ခုနဲ့တစ်ခုကွင်းဆက်မမိဘူးဆိုရင် တပ်ဆင်တဲ့ဌာနမှာ အလုပ်တွေ လာပုံသွားလိမ့်မယ်။ ခေါင်းတွေ ကိုယ်ထည်တွေ ရောက်ပြီး လက်တွေ ရောက်မလာသေးရင် စက်ရုပ်တစ်ရုပ်ဖြစ်အောင် တပ်ဆင်လို့မရသေးပါဘူး၊ အဲ့အခါ ဖြစ်စဉ်စီးဆင်းမှုကလည်း ကမောက်ကမ ဖြစ်လာမယ်။ လုပ်သားတွေကလည်း သူလုပ်လုပ်ရမယ့်အလုပ်မရသေးတော့ ဒီအတိုင်းထိုင်နေရမယ်။ အဲ့အချိန်မှာ အချိန်တွေ အရမ်းကုန်မယ်။ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်လာပါလိမ့်မယ်။

2. Reduce or eliminate setup times
စက်တပ်ဆင်မှု အချိန်ကို လျှော့ချဖို့လိုပါတယ်။ ကုန်စည်အမျိုးမျိုးအတွက် သုံးတဲ့စက်က ဒီတစ်ခုပဲဆိုကြပါစို့။ကျွန်မတွေ့ဖူးပါတယ်။ မိုလ်လောင်းတဲ့လုပ်ငန်းတွေမှာပါ။ ကုန်စည်ပုံစံအလိုက် စက်ကို ပြန်တပ်ဆင်ရပါတယ်။ ဒီိလိုမျိုးကုန်စည်အမယ်တစ်ခုတစ်ခု အကြားမှာ စက်ပြန်တပ်ဆင်မှုအချိန်ကိုလည်း လျှော့ချနိုင်သလောက် လျှော့ချရပါမယ်။ ဆိုလိုတာက အမြန်ဆုံးဖြစ်အောင် စီစဉ်ထားရပါမယ်။

3. Reduce lot sizes
တစ်ခါထုတ်လုပ်တဲ့ ပမာဏကလည်း နည်းရင် ကောင်းပါတယ်။ ဒါမှလည်း အရည်အသွေးစစ်ဖို့လည်း လွယ်တယ်။ အလေအလွင့်လည်း နည်းမယ်။ တစ်ခါထုတ်ရင် နည်းနည်းပဲထုတ်မယ်ဆိုရင် ကိုယ့် supplier နဲ့ ကွင်းဆက်မိပြီး အပေးအယူတည့်ဖို့လိုပါတယ်။ ဒါမှ ကုန်ကြမ်းကို ကိုယ်လိုသလောက်ပဲ ယူနိုင်မှာပါ။

4. Reduce lead times
ထုတ်လုပ်မှုဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ ကုန်ချော ပို့ဆောင်တဲ့အခါပဲ ဖြစ်ဖြစ် မလိုအပ်ဘဲ စောင့်စားရတဲ့အချိန်တွေကို လျှော့ချသင့်ပါတယ်။

5. Preventive maintenance
ကြိုတင်ပြင်ဆင်ထားတာ ဘာအရာမဆို အကောင်းဆုံးပါ။ ပျက်ခါမှပြင်မယ်ဆိုတာထက် မပျက်ခင် ထိန်းသိမ်းပြင်ဆင်တာအကောင်းဆုံးပါ။ ပျက်ခါမှ ပြင်မယ်ဆိုရင် ပျက်တဲ့ အချိန်မှာ ၀ယ်လိုအားတွေ အရမ်းကောင်းတဲ့အချိန်မျိုးဆို လက်လွှတ်ရမှာ အတော်ဆုံးရှုံးမှုပါ။ ဒါကြောင့် အလုပ်အားတဲ့အချိန်မျိုးတွေမှာ ပျက်ပျက်၊ မပျက်ပျက် ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါ။

6. Flexible work force
ဆေးမှုတ်အလုပ်သမားက ဆေးမှုတ်တာကလွဲပြီး ကျန်တာ ဘာမှမလုပ်တတ်တာမျိုးမဖြစ်စေရပါဘူး၊ ၀ရိန်ဆော်တဲ့အလုပ်သမားမလာရင် သူအနေနဲ့ ၀င်လုပ်လို့ရအောင် နည်းနည်းဖြစ်ဖြစ် တခြားအလုပ်တွေကို လုပ်တတ်နေဖို့လိုပါတယ်။အဲ့လိုဖြစ်အောင်လည်း training ပေးထားဖို့ လိုပါတယ်။ကြီးကြပ်သူမရှိလို့ အောက်ခြေအလုပ်သမားက ဘာဆက်လုပ်ရမှန်းသိနေသော်လည်း ဆက်လုပ်ခွင့် အမိန့်မရလို့ ထိုင်နေတာမျိုးလည်း မဖြစ်စေရပါဘူး၊ အလုပ်သမားတိုင်းကိုလည်း လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားရပါမယ်။

7. Require supplier quality assurance and implement a zero defects quality program
ကုန်စည်ဟာ အရည်အသွေးလည်း ပြည့်ဝရမယ်၊ ဖြစ်စဉ်တလျှောက် လေလွင့်မှု လုံးဝမရှိရေးအတွက်ဆိုရင် ကိုယ့် supplier နဲ့ ဆက်ဆံရေးကောင်းရပါမယ်။ အလုပ်သမားတွေကိုလည်း မှားယွင်းမှုကို သိလိုက်တာနဲ့ တပြိုင်နက် နောက်ထပ်မှားယွင်းဆက်မရှိအောင် လုပ်နေတာကို ရပ်တန့်ခွင့် အခွင့်အရေးလည်း ပေးထားရပါမယ်။ အချိန်မီ အမှားပြင်ဆင်ခွင့်ပါ။

8. Small lot (single unit) conveyance
တစ်ဌာနနဲ့တစ်ဌာန အချက်ပြစနစ်ကို သုံးသင့်ပါတယ်။ ( kanban system လို့လည်း ခေါ်ပါတယ်။ ဒါကိုတော့ နောက် post တစ်ခုအနေနဲ့ ဆက်လက်ရေးသာပါမည်။)

2 comments:

Anonymous said...

မှတ်သားစရာ ဗဟုသုတတွေပါပဲဗျာ ..
ဘာသာရပ် တစ်ခု အလုပ်တစ်ခု အတွက်လည်း
အထောက်အကူ ဖြစ်မယ်ထင်ပါတယ် ...
လေးစားပါတယ် .

လင်းကြယ်ဖြူ said...

JIT ကိုအခုနောက်ပိုင်းမှာ Intranet(LAN)တ္ဂေနဲ့ဆောင်ရ္ဂက်ကြတယ်။ကျွန်တော်သိထားတာလေးကို Share ရရင်
ဥပမာ- Department တစ်ခုကလိုတဲ့ Items ကို Intranet Network ကနေမှာတယ်။သက်ဆိုင်ရာလူကြီးက Approval လုပ်တယ်။ပြီးတော့ System က Purchasing ကိုသ္ဂားတယ်။မှာတယ်။Supplier ဆီကိုရောက်တယ်။နောက် Supplier က Delivery လုပ်တယ်။Receivingကလက်ခံတယ်။Cost Control က Requisition တင်တဲ့ Department ကို charge လုပ်တယ်။Process ကတော့ တစ်ရက်ခြားကြာတတ်တယ် ဆိုတာလေးကို ကျွန်တော်သိသလောက် Share ကြည့်တာပါခင်ဗျာ။လေးစားပါတယ်။ပျော်ပါစေ..
လင်းကြယ်ဖြူ