Monday, August 4, 2008

Tree and Human Beings


Draw Your Own Picture
အခြေခိုင်သော သစ်ပင်ဖြစ်လင့်ကစား မိုးသက်လေပြင်းတို့၏ ဒဏ်ကို မရှောင်မလွဲခံရပေမည်။ထိုအခါတွင် သစ်ရွက်တို့သည် ကြွေကျသည်လည်း ရှိသည်။ ပြန်လည် စိမ်းစိုသည်လည်း ရှိသည်။
မိုးသက်လေပြင်းများပြီးသည့်နောက်တွင် နေသာသောနေ့သို့လည်း ရောက်သွားနိုင်သည်။ နေ၏အပူရှိန်သည် နွေးထွေးမှုကို ပေးသော်လည်း တခါတရံ ပူပြင်း၏။
ထိုအတူ လူသားတို့တွင်လည်း ဒုက္ခမုန်တိုင်း၊ အဆင်မပြေမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ ဤဒုက္ခများ၊ အခက်အခဲများကြောင့် လဲကျသွားနိုင်သလို တိုးတက်ပြောင်းလဲမှုများလည်း ရှိတတ်ပေသည်။ နေသာသောနေ့ကဲ့သို့ အဆင်ပြေမှုများနှင့်ကြုံတွေ့ရသောအခြေအနေများတွင် ထိုအဆင်ပြေမှုများသည် တခါတရံ မိမိဘ၀ကို ပူလောင်စေနိုင်ပါသည်။

Tuesday, July 29, 2008

SWOT Analysis for your life

အခုခေတ်စီမံခန့်ခွဲမှုဘာသာရပ်မှာ အတော်များများအပြောများ၊ အသုံးများသောစကားတရပ်အကြောင်း တင်မယ်လို့ စိတ်ကူးမိပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးဝင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကတော့ SWOT Analysis ပါ။ Strengths Weaknesses Opportunities Threats ကို စမ်းစစ်ခြင်းပါ။ မိမိရောက်နေတဲ့ အခြေအနေတစ်ခုမှာ မိမိအားသာချက် ၊အားနည်းချက် ၊ မမြင်ရသေးသောအနာဂတ်တစ်ခုမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခွင့်အလမ်း ၊ ရိုက်ခတ်မှု (ခြိမ်းခြောက်မှု) တွေကို စမ်းစစ်ခြင်းလို့ အရှင်းဆုံးပြောလို့ရပါတယ်။ ဒီ SWOT Analysis ကို လုပ်ငန်းကြီးတွေ၊ လုပ်ငန်းငယ်တွေစသော စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများတွင် အတွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပြီး မိမိပန်းတိုင်ကို အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို လုပ်ငန်းကြီးတွေသာမက မိမိပုဂ္ဂိုလ်ရေးရာ ရည်မှန်းချက်များကို ကြိုးစားရာတွင်လည်း ဒီနည်းလမ်းကို သုံးနိုင်သလားဆိုတာလေးကို ဆွေးနွေးချင်ပါတယ်။
Personal SWOT Analysis
A personal SWOT analysis ဆိုတာ မိမိကိုယ်ကို၊ မိမိဘ၀ကို ပြန်လည်ကြည့်ရှု့သုံးသပ်တာပါ။ မိမိ ဘယ်နေရာမှာတော့ ဒီထက်ကောင်းဖို့လိုအပ်နေသေးလဲ၊ ဘာတွေလိုအပ်နေတာလဲ၊ ပေါ်ပေါကိလာနိုင်တဲ့ အခွင့်အလမ်းတစ်ခု သို့မဟုတ် ရိုက်ခတ်မှုတွေကို ရယူနိုင်ဖို့ သို့မဟုတ် ကျော်လွှာနိုင်ဖို့ မိမိမှာ ဘာအားသာချက် အားနည်းချက်တွေရှိလဲဆိုတာ သိနိုင်ပါတယ်။
အရင်ဆုံး မိမိ ဘာဖြစ်ချင်တာလဲဆိုတာလဲ ဆိုတဲ့ရည်မှန်းချက်လေးကို အရင် သိအောင်လုပ်လိုက်ပါ။ ရည်မှန်းချက် ပန်းတိုင်ဆိုတာလည်း ကိုယ့်လက်ရှိအခြေအနေနဲ့ အရောက်သွားရမှာမို့ လက်လှမ်းမှီနိုင်မယ့် ဖြစ်နိုင်မယ့် ပန်းတိုင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ပန်းတိုင်တစ်ခုကို ချမှတ်ရာမှာ မိမိကိုယ်ကို SWOT Analysis လုပ်လိုက်ပါ။
မိမိအားသာချက်ကို စမ်းစစ်ခြင်း ( မိမိကိုယ်ကို အားမနာတမ်း ဝေဖန်ပါ)
• ငါမှာ ဒီပန်းတိုင်၊ ရွေးချယ်ခဲ့တဲ့ နေရာမှာ ဘာစွမ်းရည်တွေရှိသလဲ၊ ငါရဲ့ ပင်ကို အရည်အသွေးက ဘာလဲ
• ငါမှာ လိုအပ်တဲ့ ဗဟုသုတတွေရော ရှိရဲ့လား
• ငါ့မှာရှိတဲ့အားသာချက်တွေ စွမ်းရည်တွေ ဒီထက် ထက်မြက်ဖို့ ဘာတွေရနိုင်လဲ
• ငါပန်းတိုင်အဖြစ်ရွေးချယ်ခဲ့တဲ့နေရာမှာ ငါကို အကြံပေးနိုင်မယ့်၊ ကူညီပေးနိုင်မယ့် တစုံတရာရော ရှိသလား
• ဒီပန်းတိုင်မှာ တွေ့ကြုံရမှုတွေဟာ ငါ့အားသာချက်တွေနဲ့ ကိုက်ညီလား
မိမိအားနည်ချက်ကို စမ်းစစ်ခြင်း
• ဒီပန်းတိုင်ကို သွားရင် ငါ့ကို ကန့်သတ်ချက်တွေဘာတွေရှိလဲ၊ ဆိုလိုတာက အားနည်းချက်ပေါ့
• ငါ ဘာတွေကို မစွမ်းဆောင်နိုင်ဘူးလဲ၊ ငါမှာ ဒီပန်းတိုင်ရောက်ဖို့ လိုအပ်တဲ့စွမ်းအင်တွေထဲမှာ ငါ့မှာ ဘာမရှိသေးဘူးလဲ
• ဒီရွေးချယ်ထားတဲ့နေရာမှာရော ငါ တကယ်ရော လုပ်ဆောင်နိုင်ပါ့မလား
• ငါ့မှာ မရှိသေးတဲ့ လိုအပ်ချက်တွေရော ဖြည့်ဆည်းလို့ ရနိုင်သလား
• ဒီနေရာမှာရှိတဲ့ အားနည်းချက်တွေကို တွန်းလှန်နိုင်ပါသလား၊ ဘယ်လို လျှော့ချမလဲ
အခွင့်အလမ်းများကို သုံးသပ်ခြင်း
• ရွေးချယ်လိုက်တဲ့ နေရာတစ်ခုမှာ ငါရဲ့ဆန္ဒတွေ အိပ်မက်တွေ ရှိသလား
• ငါမမျှော်တွေးထားတဲ့ အခွင့်အလမ်းတွေရော ပေါ်လာနိုင်သလား
• ငါအတွက် စိတ်တက်ကြွမှုတွေရော ပေးနိုင်သလား
• ငါအတွက် ဘာတွေတိုးတက်လားနိုင်မှာလဲ
• ဒီအခွင့်အလမ်းတွေဟာ ငါဘ၀အတွက်ရော ထိရောက်မှုရှိသလား
• ဒီအခွင့်အလမ်းတွေဟာ ငါ့အားနည်းချက်တွေကို လျှော့ကျစေနိုင်သလား
• ငါ့အားသာချက်တွေနဲ့ရော ဒီအခွင့်အရေးတွေကို အမိအရ ယူနိုင်လား
• ငါ့ဘ၀ကို ဘာတွေပြောင်းလဲသွားစေမှာလဲ
ရိုက်ခတ်မှုများကို မျှော်တွေးခြင်း
• ငါ့အတွက် ဘာတွေ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်လာနိုင်သလဲ။ ဘာတွေက အတားအဆီးတွေဖြစ်လာနိုင်သလဲ။
• အခုလက်ရှိ လမ်းကြောင်းမှာရော ဘာစွန့်စားမှုတွေ ရင်ဆိုင်နေရလဲ
• ငါလမ်းကြောင်း ဘယ်လို အတားအဆီးတွေ ရှိလဲ။ ဘာတွေလဲ
• ငါ့ရဲ့ အားနည်းချက်တွေက ဒီ ရိုက်ခတ်မှုတွေကို ကြုံတွေ့ဖို့ရာ အားပေးနေသလား၊ တိုးပွားစေသလား
• ငါ့အားသာချက်တွေက ဒီရိုက်ခတ်မှုတွေကို လျှော့ချနိုင်စေသလား
ကဲဒီလို personal SWOT analysis လုပ်ပြီးရင် ဘာတွေသိလာနိုင်မလဲဆိုတော့
• ငါလုပ်ဆောင်ရမယ့် ၊ အကောင်းဆုံးဖြစ်မယ့် အခွင့်အလမ်းက ဘာလဲ
• ဒီအခွင့်အလမ်းကို ရရှိဖို့ရာ ငါ့ရဲ့ ကိုယ်ပိုင်လက်နက်က ဘာလဲ
• ငါကျော်လွှာရမယ့် လျော့ချရမယ့် တားဆီးမှု ရိုက်ခတ်မှုတွေဟာ ဘာလဲ
• ပန်းတိုင်ကိုရောက်ဖို့ရာ ဘာအားသာချက်တွေက ငါ့စွမ်းရည်တွေကို မြှင့်တင်ပေးမှာလဲ
• ဘာအားနည်ချက်တွေကို ပြင်ဆင်ဖို့လိုနေပြီလဲ
ဆိုတာတွေကို ကြိုတင်သိနိုင်တဲ့အတွက် မလိုအပ်တာတွေ လျှော့ချနိုင်တယ်။ လိုအပ်တာတွေ အချိန်မီ ဖြည့်ဆည်းနိုင်ပြီပေါ့။ ပြီးရင် ပေါ်ပေါက်လာနိုင်တဲ့အခွင့်အလမ်းကို ရရှိဖို့ အဆင့်သင့်အနေအထားကို လည်း ရောက်ရှိနေမှာပါ။ ဘာအခက်အခဲပဲ တွေ့တွေ့ကြိုတင်တွက်ဆပြီးသားမို့ အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်နော်…………….

Sunday, June 22, 2008

NEED........WANT........GET........SUCCESS



လူပြည်က လူတစ်ယောက်သည် ဖန်ဆင်းရှင်ဆီကို လာပါတယ်။ မကျေမနပ်ဖြစ်နေတဲ့ပုံစံနဲ့ ဖန်ဆင်းရှင်ကို
လူ။ “မတရားဘူးဗျာ......လုံးဝမတရားဘူး”
ဖန်ဆင်းရှင်။ “ဘာဖြစ်လို့လဲကွာ ”
လူ။ “ကျွန်တော်ကို ဖန်ဆင်းတုန်းက ပြည်စုံအောင် ဘာလို့တခါတည်း မဖန်ဆင်းရတာလဲ၊ အခုတော့ ကျုပ်မှာ လိုအပ်ချက်တွေ အမြဲတမ်း ကြုံနေရတာပေါ့ ”
ဖန်ဆင်းရှင်။ “စေတနာနဲ့ပါကွာ”
လူ။ “ဘာလို.........”
ဖန်ဆင်းရှင်။ “ လောကမှာအောင်မြင်မှုဆိုတာ အခက်အခဲတွေ၊ မပြည့်စုံခြင်းတွေကို ကျော်ဖြတ်ပြီးမှ ရလာတာကွ။ အဲဒါမှ အဲ့ဒီအောင်မြင်မှုကို တန်ဖိုးထားတတ်ကြမယ်။ဒါကြောင့် အောင်မြင်မှုဆိုတာရှိဖို့ မပြည့်စုံခြင်းတွေကို ဖန်တီးပေးထားရတာပေါ့ကွ........”

(အိပ်ယာဝင် ပုံပြင်လေးတစ်ပုဒ် ဖြစ်သော်လည်း အားဆေးလေးတစ်ခွက်တော့ ဖြစ်ကောင်းပါရဲ့)

Thursday, June 19, 2008

What is "Love"........., Have You Seen it??????


ပန်ချီပြခန်း တစ်ခုတွင် “ အချစ် ” ဟူသော ခေါင်းစဉ်အောက်၌ ပန်းချီပွဲလေးတစ်ခုကို ကျင်းပခဲ့ပါသည်။ အချစ်ကို ပုံဖော်ထားသော ပန်းချီကားပေါင်း များစွာ။ တချို့ကလည်း လွမ်းဆွတ်ဖွယ်၊ တချို့ကလည်း ကြည်နူးဖွယ်.......စုံလို့ပါ။ ထူးခြားတာ တစ်ခုက ပန်ချီကား တစ်ချပ်ဟာ ကင်းဗတ်စ အဖြူကို ရွှေရောင် ဘောင်ကွပ်ထား၍သာ ပြသထားသည်။ အောက်က စာတန်းကလည်း ရောင်းရန် မဟုတ်ပါတဲ့။ စိတ်ဝင်စားစရာ ကောင်းရာ ရေးဆွဲသူ ပန်ချီဆရာဟု ထင်ရသော ပန်းချီကားပိုင်ရှင်ထံ ဘာမှ ဆွဲထားခြင်းမရှိဘဲ ဘာကြောင့် လာရောက်ပြသလဲဟု မေးမြန်းကြည့်ရာ

“ ကျွန်တော် အချစ်ဆိုတဲ့ အရာကို ဘယ်လို ပုံဖော်ရမလဲလို့ စဉ်းစားလိုက်တာ၊ နောက်ဆုံး ပြပွဲ ဖွင့်ရက် ရောက်တဲ့အထိ စဉ်းစားမရတာနဲ့ ဒီအတိုင်း ထားလိုက်တာ၊ အခု အချိန်ထိ ကျွန်တော် စဉ်းစားဆဲပါ......”

Sunday, June 15, 2008

Sharing and Caring Society

လာလည်ကြသူ မိတ်ဆွေ သူငယ်ချင်းများကို အရမ်း ကျေးဇူးတင်ပါတယ်။ အခုလို အားပေးမှုတွေကြောင့် ဖူးဖူး ဘလော့ ရေးနိုင်တာပါ။ ဖူးဖူး ဘလော့ရေးရတဲ့ ရည်ရွယ်ချက်ကတော့ သိထားတာလေးတွေကို ပြောပြချင်ရုံ သက်သက်ပါ။ သူငယ်ချင်းတွေရဲ့ ဘလော့ကို လာလည်ရတာကလည်း မသိတာတွေ သိအောင် လာဖတ်တဲ့ သဘောပါ။ CBOX မှာ အားပေးခဲ့ကြသူတွေရော၊ Comment ပေးခဲ့ကြသူများ ကိုလည်း ကျေးဇူးပါ။ အမြင်ချင်း ဖလှယ်ပေးတာကို ကြိုဆိုပါတယ်။ ဘလော့ရေးရာတွင် မည်သူ့ကိုမှ ထိခိုက်လိုစိတ် မရှိတဲ့အတွက် ဖူးဆီမှာ ပုဂ္ဂိုလ်ရေးရာ ကြမ်းတမ်းစွာ ပြောကြားမှုများ မပြုလုပ်ပါရန် တောင်းဆိုအပ်ပါတယ်ရှင့်။ အတွေးအခေါ်၊ အမြင်ချင်း ၊ ဗဟုသုတ တွေ မျှဝေပေးခဲ့ပါနော်..........

ဖူးဖူးအနေနဲ့ Blog ဆိုတဲ့ ရပ်ဝန်းကို Sharing and Caring Society လို့ နားလည် သဘောပေါက်မိပါတယ်။

Wednesday, June 11, 2008

အကျိုးရှိရှိ အချိန်လေးများ

အလုပ်မအားလို့ ဘလော့ မရေးဖြစ်တာ အတော် ကြာသွားတယ်။ လာလည်ကြတဲ့ သူငယ်ချင်းများကို လည်း ကျေးဇူးတင်ပါတယ်။ ဘာအကြောင်းရေးရင် ကောင်းမလဲဆိုပြီး စဉ်းစားလိုက်တာ သူငယ်ချင်း အတော်များများအတွက် သင်ခဲ့ရတဲ့ တိုတိုထွာထွာလေးတွေထဲက ရှာဖွေလိုက်တော့ အချိန် စီမံခန့်ခွဲမှု ဆိုတာလေး ကို ပြောပြချင်ပါတယ်။ ဖူးဖူးလည်း တခါတလေ ဖြစ်တတ်ပါတယ်။ တခါတရံ အချိန် မလောက်တာတွေ။ အချိန်တွေ ပိုနေတာတွေပေါ့။ ဒါဘာကြောင့် ဖြစ်ရတာလဲဆိုပြီး စဉ်းစားကြည့်တော့ ရှိတဲ့ အချိန်လေးကို စီမံခန့်ခွဲမှု မှာ ချွတ်ချော်နေလို့ပဲ ဖြစ်မယ်ထင်တယ်။ ဒီတော့ အချိန်တွေကို ဘယ်လို စီမံခန့်ခွဲသင့်လဲ ဆိုတာလေးကို သိထားသမျှလေးထဲက ပြောပြချင်တယ်။

၁။ နေ့စဉ် မိမိလုပ်ဆောင်ရမယ့်အလုပ်တွေကို အရင်ဆုံး ရေးဆွဲလိုက်ပါ။
အကောင်းဆုံးကတော့ စက်ဝိုင်းပုံ ကားချပ်ထဲမှာ မိမိနေ့စဉ်ဆောင်ရွက်မဲ့ ကိစ္စတွေကို Pie chart ပုံစံနဲ့ ဆွဲလိုက်မယ်ဆိုရင် မိမိ ဆောင်ရွက်ရမယ့် ကိစ္စရပ်လေးတွေကို မြင်သာသွားတာပေါ့။ အဲဒီထဲမှာမှ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မင်အနီလေးနဲ့ ရေးရင် ပိုကောင်းတယ်။ Pie chart ဆွဲရင် အလုပ်လေးတွေကို မိမိအသုံးပြုရမယ့် ကြာချိန်အလိုက် အပိုင်းလေးတွေ ဆွဲလိုက်မယ်ဆိုရင် တနေ့ ၂၄နာရီရှိတဲ့ ပုံကားချပ်ကြီးမှာ ကိုယ့်အတွက် အချိန် နေ့စဉ် လုပ်ငန်းဆောင်တာတွေ အပြင် တခြား ကိစ္စတွေ လုပ်ဆောင်ဖို့ ကိုယ့်အတွက် အချိန် ဘယ်လောက်ကျန်လဲ ဆိုတာ သိရတာပေါ့။

၂။ တစ်နေ့အတွက် ပြီးရင် အပတ်စဉ်အတွက် ဇယားဆွဲလိုက်ပါဦး။
ဒီလို တစ်နေ့လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေကို တပတ်စာ ဇယားလေး ချလိုက်ပါ။ အပေါ်ဘက် အတန်းက နေ့ရက်တွေ ရေးပြီးတော့ ဘေးဘက်အတန်းမှာ လုပ်ငန်းဆောင်တာတွေ ရေးလိုက်ပါ။ အကွက်လေးတွေမှာ သုံးရမဲ့အချိန်တွေ ရေးလိုက်ပါနော်။ လုပ်ငန်းဆောင်တာတွေ ရေးတဲ့အခါ အရေးကြီးသလို အစဉ်လိုက် ရေးချလိုက်ပါ။

၃။ ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် အလုပ်တွေ သတ်မှတ်မယ်။ နောက်တဆင့်က ကိုယ့် ဒီနေ့၊ ဒီတပတ်မှာ အရေးကြီး လုပ်စရာ တွေကို အရေးကြီးသလို rankသတ်မှတ်ပြီး ရေးလိုက်ပါ။ long range , medium range , immediate လားဆိုတာ task တွေနဲ့ ယှဉ်တွဲပြီး ရေးလိုက်ပါ။ ကိုယ် ပြီးမြောက်ချင်တဲ့ ကိစ္စအတွက် အချိန်ဘယ်လောက်သုံးမလဲ။ ကိစ္စပြီးမြောက်ဖို့အတွက်
ဘာတွေလုပ်မှာလဲ ဆိုတာ အသုံးပြုမယ့် အချိန်နဲ့တကွ သတ်မှတ်ထားဖို့လဲ လိုပါတယ်။

၃။ တကယ် လုပ်ရတော့မယ့် လုပ်ငန်းတွေ ( to do list ) ကို ပြန်ချ ရေးလိုက်ပါ။

၎။ မမျှော်မှန်းနိုင်တဲ့ အခြေအနေ၊ အကြောင်းအရာတွေက ပေါ်လာတတ်တာမို့ ချွင်းချက် အခြေအနေမှာ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာ ခန့်မှန်းထားဖို့ လိုပါတယ်။

၅။ ပြန်သုံးသပ်ကြည့်ပါ။
ကိုယ်ဆွဲထားတဲ့ ဇယားတွေကို ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်ယူထားတဲ့အချိန်ဟာ အမှန်တကယ် လိုတဲ့ကြာချိန်လား ။ ဦးစားပေးမှုတွေဟာ အရေးပါမှုအလိုက် စီထားတာ ဟုတ်ရဲ့လား။ ကိုယ်ဆွဲထားတဲ့ အချိန်ဇယားကို update လုပ်ပေးဖို့ လိုတယ်နော်။ လုပ်ပြီးသွားတဲ့ ကိစ္စတွေဟာ ကိုယ်စီမံထားတဲ့ အချိန်အတွင်း လုပ်နိုင်ရဲ့လားဆိုတာ ပြန်လည် သုံးသပ်လိုက်ပါ။ .................

သူငယ်ချင်းတို့ရဲ့ ပိုတဲ့ အချိန်လေးမှာ ကိုယ်ဘ၀ကြီး သာယာလှပဖို့ ဖန်တီးလိုက်ရအောင်နော်..........