Wednesday, December 30, 2009

BYE MY 2009, HOPE FOR 2010


ချစ်သူငယ်ချင်းတို့၏ ညင်းဆဲမှုကြောင့် ဒီပို့စ်လေးကို ဖျစ်ညစ်ထုတ်ပြီး ရေးလိုက်ပါတယ်.....( တချို့သော အရာတွေတော့ သိတော့ဘူး.......)





ဇန်န၀ါရီလ...... မှတ်မှတ်ရရ ရှိတာ ၂၀၀၉ နှစ်စ ဇန်န၀ါရီလမှာတော့ ကျွန်မ အလိမ်ခံခဲ့ရပါတယ် ။ မှတ်မှတ်ရရ ပိုက်ဆံ ၂၀၀၀ အလှူပြုခဲ့ရပါတယ်..... :P၊ နောက်ပြီး ကျောင်းမှာ ပါလေရာ ဖြစ်တဲ့ ကျွန်မ ကျောင်းက fresher welcome ပွဲအတွက် အလုပ်အတော်ရှုပ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ...... မွေးလလည်း ဖြစ်လို့ ဖေဖော်ဝါရီလ တလျှောက်လုံး ကောင်းမှုတွေ ပြုခဲ့တယ်လို့ ထင်ပါရဲ့။ ဒီလလည်း Mid term test တွေ စစ်နေရတာကြောင့် အမှတ်စစ်တဲ့ ကိစ္စ နဲ့ လုံးလည် ပတ်ချာရိုက်ခဲ့တယ်။ ဒီလမှာတော့ နယ်မှာနေတဲ့မိဘတွေ ရန်ကုန်ကို အပြီးပြောင်းလာတာကြောင့် မိသားစုအရေး လုံးပန်းနေရတော့တာပါပဲ။ (အဲ့လမှာ ဖူးပွင့် slim body ဖြစ်သွားတယ် ဟိဟိ)

မတ်လ ....... ဒီလကိုတော့ တော်တော် စိတ်ပင်ပန်းလူပင်ပန်း ဖြစ်တဲ့လပါ။ မေလကို ဖောင်ကြီးတက်ရမယ်ဆိုတဲ့ သတင်းလည်း ကြားရတယ် ။ စာမေးပွဲ ကျင်းပတဲ့လလည်း ဖြစ်တာကြောင့် အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိလိုက်တာပါ။
ဧပရယ် ........ ဒီလကတော့ ရုံးပိတ်ရက်ရှည်ကြီးတွေကြောင့် ကျွန်မ ချစ်သော သူများနှင့် အကြာကြီးခွဲခွာနေရတာ ..... ဧပရယ်လကို ကျွန်မ မကြိုက်ဘူး၊ သူများတွေ ပျော်တာတွေကို ထိုင်ကြည့်နေရတဲ့လကြီး.......
မေလ ....... ကျွန်မ မျက်နှာ ဇီးရွက်လောက်နဲ့ ဖောင်ကြီးသင်တန်းသွားခဲ့ရတဲ့လပါ။ အဲ့မှာ ကျွန်မ ဘ၀မှာ မတွေ့ကြုံတာတွေ တွေ့ရတော့တာပါပဲ။ စစချင်း ငချိတ်ထမင်းကို စမြင်ဖူးခြင်းပါပဲ။ ဘဲလည်းချောင်းရိုးနဲ့ ငါးကြော်ကို နေ့တိုင်း မိတ်ဖွဲ့ရတော့တာ ( အိုင်မြင်ရင်တော့ ရေကူးချင်စိတ်တောင် ပေါက်တယ် )။ ဒါပေမယ့် ကျွန်မ အရမ်းပျော်သွားခဲ့ပါတယ်။ ကျွန်မရဲ့ အရမ်း Senior ကျတဲ့ ကထိကတွေနဲ့ အတူတက်ရပေမယ့် သူငယ်ချင်းတွေလို အရမ်းခင်သွားတယ်။ ဖောင်ကြီးမှာ ကျွန်မရဲ့ ဘော်ဘော် (အချစ်ဆုံးမမ) နှစ်ယောက်ရခဲ့တယ်လေ။ ရန်ကုန်တက္ကသိုလ်က မမနန်း (သူက physic ကပါ သူဆီမှာ ဘွဲ့ထူး ဂုဏ်ထူးးတွေ အများကြီးပိုင်ဆိုင်ထားပေမယ့် ကျွန်မလို ပေါက်စကို တကယ့် ဘော်ဘော်လို ခင်တာပါ) နောက် မမငယ် သူကတော့ ကျွန်မနဲ့ ပေါဖော်ပေါဖက် ( မမငယ် ကန်တော့နော်) ။ ညဘက် မမငယ်နဲ့ ကင်းစောင့်တဲ့ည ကျွန်မတို့နှစ်ယောက် တကယ်ပဲ ကင်းနှစ်ကောင် ဖမ်းမိပါတယ်)၊ ဒီလ နောက်ဆုံးရက်မှာတော့ outpast ရခဲ့ပါတယ်။ out past က ပြန်လာတဲ့နေ့ကတော့ မဖြစ်ဖူးတာတွေ ဖြစ်လာတာပါ။ ကျွန်မတို့ စီးလာတဲ့ ယာဉ်တန်းမှာ ကျွန်မ လိုက်ပါလာတဲ့ ကား accident ဖြစ်တာပါပဲ။ ကားက ဘရိတ်ပေါက်သွားပြီး လမ်းဘေး သစ်ပင်ကို ၀င်အောင်းတာ။ အဲ့မြင်ကွင်းက အမှတ်တရပါပဲ။ဘုရားတရားမလို့ ကျွန်မ ဘာမှ မဖြစ်ခဲ့ပါဘူး။
ဇွန်လ ...... ဖောင်ကြီးမှာပဲ ရှိပါသေးတယ် ။ Trip ထွက်ခဲ့တဲ့အချိန် အရမ်းပျော်မိပါတယ်။ တိုင်းရင်းသားကျေးရွာမှာ ကျွန်မတို့အုပ်စု သူများလည်တိုင်း မလည်နိုင်ပဲ ၊ မုန့်ဆိုင်ကို သည်းကြီးမဲကြီး လိုက်ရှာတာ .....( အစားအသောက်က အရေးကြီးဆုံးလေ)။ဒီလက ကျွန်မ အပျော်ဆုံးလပါ။( ဘာကြောင့် ပျော်လဲ ပြောပြဘူး)
ဇူလိုင် ...... ဒီလက ကျွန်မအတွက် loading month ပါ။ သင်တန်းတက်ခဲ့တုန်းက မလုပ်လိုက်ရတဲ့အလုပ်တွေ ပြန်လုပ်ပေးလိုက်ပါတယ်။
သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ ..... ဒီလတွေကတော့ အဆညမှာ selection သုံးလ ၀င်ရပါတယ်။ တက္ကသိုလ်အသီးသီးက ဆရာ/မတွေ အများကြီးနဲ့ ခင်ခွင့်ရပါတယ်။ ထူးထူးခြားခြား ဖြစ်စဉ်မရှိပါဘူး။
နိုဝင်ဘာ ..... ဒီလမှာတော့ ကျွန်မ မြောက်ကြွမြောက်ကြွ ဖြစ်လာတဲ့လပါ။ ကျောင်းမှာ နဂိုက အငယ်ဆုံးဆိုတဲ့ ရာထူးလေးကို စွန့်လွှတ်ပြီး senior မမ အဖြစ်ပါဝင်ခွင့်ရတော့တယ်။ ထူးထူးခြားခြား ရှိသေးတယ် သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ် ( အကြောင်းကတော့ သူယောက်ျားယူလို့ပါ)
ဒီဇင်ဘာ ..... စိတ်ပင်ပန်း လူပင်ပန်းရှိတဲ့လ။ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့လပါ။ ပထမဆုံး scholar စာမေးပွဲ ၀င်ဖြေပြီး အောင်မြင်ပေမယ့်လည်း ခုထိ အောင်စာရင်း တရားဝင် ထွက်မပေးတဲ့အတွက် ဆန့်ငန်ကြီး ဖြစ်နေပါတယ်။
ကျွန်မက dual work ဖြစ်နေတဲ့အတွက် ကျွန်မမှာ အလုပ်ခွင် ပတ်ဝန်းကျင်နစ်ခု ရှိနေပါတယ်။ teaching ရယ် research ရယ်ပါ။ နှစ်ခုစလုံးက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ researchက မမတွေ ကိုကိုတွေဆို သူတို့ရဲ့ ချစ်ခင်မှုတွေက ဘယ်အလုပ်ခွင်မှာမှ ရှာမယ်ဆို မတွေ့နိုင်ပါဘူး။ ကျွန်မ အားကျဆုံးက မမနိုင်ပါပဲ၊ သူက အရမ်းတော်ပါတယ်။ မမကေရဲ့ styleကို အကြိုက်ဆုံးပဲ။ အမြဲတမ်း အပျော်ဆုံးလူသား ဖြစ်နေတာ။ ယဉ်မင်းကို ကျွန်မ အချစ်ဆုံး။ နှိပ်စက်လို့ အကောင်းဆုံးက ကျွန်မ ဘော်ဘော်အရင်ကြီး AAAလေ။
ကျောင်းမှာတော့ ကျွန်မ အချစ်ဆုံးကတော့ မလင်းပါ။ ကျွန်မကို ညီမလေးတစ်ယောက်လို စောင့်ရှောက်တဲ့မမပါ။ ကျွန်မ ချစ်ဆုံး ပါမောက္ခကတော့ တီချယ် နွဲ့။
နောက် အချစ်ဆုံးရှိသေးတယ် သိလား .........
( comment တွေ များအောင် ပဟေဠိ ထည့်လိုက်တယ်)


Sunday, August 9, 2009

All of You are Managers. But, to be better..............

အခုနောက်ပိုင်းတွေမှာ စီးပွားရေးလုပ်ငန်းမှာပဲ ဖြစ်ဖြစ် လူမှုရေးလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် စီမံအုပ်ချုပ်မှုစနစ်ကောင်းကောင်းတစ်ရပ်ဟာ အဓိက အရေးကြီးပါတယ်။ လုပ်ငန်းဟာ အခြေအနေအရပ်ရပ်ကြောင့် အမြတ်အစွန်းများများနဲ့ ရပ်တည်နေနိုင်သော်လည်း စီမံ အုပ်ချုပ်မှု ညံ့ရင်တော့ ပြိုလဲမှာပါပဲ။ လူတိုင်းအတွက် စီမံအုပ်ချုပ်မှု ပညာဟာ အရေးကြီးပြီး တတ်မြောက်သင့်တယ်လို့ ထင်မြင်ပါတယ်။
လူတိုင်းမှာလည်း မန်နေဂျာကောင်းဖြစ်ဖို့ အခွင့်အရေး ရှိပါတယ်။ ပင်ကိုအရည်အသွေးအရ လေ့လာသင်ယူနိုင်သလို အတွေ့အကြုံအားဖြင့်လည်း တတ်မြောက်နိုင်ပါတယ်။ သင့်ဟာ မည်သည့်နေရာ မည့်သည့်အခြေအနေမှာပဲ ဖြစ်ဖြစ် မန်နေဂျာဆိုတာ မမေ့ပါနဲ့၊ အလုပ်အဖွဲ့ အစည်းတစ်ခုမှာ မန်နေဂျာ ရာထူးရမှာ မန်နေဂျာမဟုတ်ပါဘူး၊ သင့်အိမ်မှာ မောင်နှမ၊ သားသမီးများကို ဦးဆောင်အုပ်ချုပ်နေရလဲ မန်နေဂျာပါပဲ ၊ နောက်ဆုံး မိမိကိုယ်ကို မိမိ အုပ်ချုပ်နေရတဲ့ မန်နေဂျာပါ.......
ကောင်းကောင်းစီမံအုပ်ချုပ်မှုတွေ ပေးနိုင်ဖို့ဆိုရင်
၁။ သင်ဟာ...မိမိ အရည်အချင်း၊ အရည်အသွေးတွေပေါ်မှာ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့လိုအပ်ပါတယ်၊ အဲ့ဒီမှာ မာနထောင်လွှားဖို့ကို ဆိုလိုတာမဟုတ်ပါဘူး၊ မိမိ အခြေအနေပေါ်မှာလည်း အားရနေရမယ်။ ဒါမှ ဘယ်ပြသနာမဆို သင်မကြောက်မရွံ့ ရင်ဆိုင်နိုင်မှာလေ။ သင့်ကိုယ်ကိုကိုယ် အမြဲ ယုံကြည်နိုင်အောင်လည်း သင့်အရည်အသွေးတွေ ကျမသွားအောင် ပိုတက်လာအောင် သင့်ကိုယ်ကိုကိုယ် သင် အမြဲ လေ့လာသင်ယူတတ်တဲ့ အကျင့်ကို မွေးရမယ်။ မိမိကိုယ်ကို မိမိ အမြဲ ဖြည့်နေရမယ်။
၂။ နောက်တချက်- သင်သည် အားနား၊ မြိုသိပ်တတ်တဲ့သူဆိုရင် အဲ့ အကျင့်ကို ဖျောက်ပါ။ မှန်ရာကို ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း ပြောနိုင်ရမယ်။ ဘယ်သူနဲ့မှ အခေါ် အပြောမရှိတဲ့သူလည်း မဖြစ်စေရဘူး။ လူတော ၀န်ဆံ့တဲ့သူပေါ့ ။
၃။ သင် ရိုသားရမယ်၊ ဖြောင့်မတ်ဖို့လည်း လိုပါတယ်၊ ဒါမှ နောက်လိုက်တွေက ရိုသေမှုတွေ ပေးနိုင်မှာဖြစ်ပြီး သူတို့ကို စည်းရုံးနိုင်မယ်လေ။ သူတို့ဆီက ယုံကြည်မှုတွေကို တည်ဆောက်နိုင်မယ်လေ။ ဒါမှ သင့်လုပ်ဆောင်ချက်တွေ အောင်မြင်မှာပေါ့။
၎။ နောက်ပြီး သင် ပုဂ္ဂိုလ်စွဲနဲ့ လူမွေးတာ၊ လူတွေကို နေရာဖယ်ထုတ်တာ မလုပ်ရဘူး၊ လူတိုင်းကို သင့်အလုပ်မှာ ပါဝင်နိုင်အောင် လုပ်ရမယ်။ လူဆိုးပဲ ဖြစ်ဖြစ် လူကောင်းပဲ ဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်းကောင်းတွေ ရှိကြပါတယ်။ သင် ဒါကို ကောင်းကောင်း အသုံးချနိုင်ဖို့လိုပါတယ်။
၅။ အရေးကြီးတဲ့ အချက်ကတော့ သင် ခေါင်းမရှောင်ပါနဲ့၊ ဖြစ်လာသမျှကို တာဝန်ယူရဲရမယ်၊ မန်နေဂျာဆိုတာ ဖြစ်လာသမျှကို ဦးဆောင်ပြီး ဖြေရှင်းရမှာလေ။ သင် တာဝန်ယူဖြေရှင်းရဲမှ သင့်ကို မန်နေဂျာလို့ အသိအမှတ်ပြုမှာပါ၊ အကယ်၍ ခေါင်းရှောင်နေမယ်ဆိုရင် သင့်ကို မန်နေဂျာမှန်း ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။
သင်ဟာ အလုပ်အပေါ်မှာလည်း ........
၁။ လိုက်လျောညီထွေမှု ရှိရမယ်။ ခေါင်းမာတဲ့ လူ မဖြစ်ရဘူး၊ ဖြစ်လာတဲ့အခြေအနေတွေပေါ် သင့် စိတ်ကို အသားတကျ ဖြစ်အောင် ပြောင်းလဲနိုင်ရမယ်၊ ဒါမှ အရာအားလုံးကို မှန်ကန်စွာ မြင်နိုင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်နေမှာပါ။ သင့်က ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်ရတယ်ဆိုပေမယ့် လက်အောက်ငယ်သားဆီကပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ဆီကပဲ ဖြစ်ဖြစ် သူတို့ ပြောသမျှ၊ အကြံပေးသမျှကိုတော့ နားထောင်ပေးရမယ်။ သင့်တစ်ယောက်တည်း ဆုံးဖြတ်နေမယ်ဆိုရင်တော့ သင့်ရဲ့ အမြင်ပဲ ရမှာဖြစ်ပြီး အားလုံးအတွက် ကိုက်ညီချင်မှ ကိုက်ညီမယ်လေ။
၂။ အစီအစဉ်တွေ ၊ လုပ်ဆောင်ရမယ့် အလုပ်ဇယားတွေ ရေးဆွဲရမှာ မပျင်းပါနဲ့၊ သင့်လုပ်ဆောင်ရန်လိုတဲ့ အရာအားလုံးကို သင့်ဦးနှောက်ကပဲ သိနေလို့ မဖြစ်သေးဘူး။ လက်အောက်ငယ်သားတွေ သိအောင်လုပ်ရမယ်။
၃။ နောက်ပြီး သင် အသစ်အဆန်းတွေကို အမြဲ တွေးခေါ်နေပါ။ လုပ်ကြည့်ပါ၊ ဒါပေမယ့် လုပ်ကြည့်လို့ မှားသွားရင်တော့ အမှားကို ၀န်ခံပါ။ တောင်းပန်တာတော့ မလုပ်ပါနဲ့၊ လက်မလွှတ်ပဲ နောက်တခါ ထပ်ကြိုးစားပါ။
၎။ သင် သွက်လက်နေဖို့လိုပါတယ်၊ ဒါပေမယ့် နောက်လိုက်တွေ လိုက်မမီအောင်တော့ မသွက်လက်ပါနဲ့။ သင်တကိုယ်တည်း ရှေ့ရောက်နေလို့ မဖြစ်ဘူးလေ။ သူတို့ကိုပါ ကိုယ်နဲ့ တပါးတည်း ပါလာအောင် ဆွဲခေါ်လာပါ။ စောင့်ခေါ်သင့်ရင် ခေါ်ရပါမယ်။
၅။ သတင်းအချက်အလက်တွေကို အမြဲ မျက်စိဖွင့် နားဖွင့်ပြီး ယူတတ်ရပါမယ်။ ပြီးရင်တော့ သိလာတဲ့အချက်တွေကို ဒီတိုင်းမထားပါနဲ့။ ပြန်အသုံးချပါ။

ဒီလောက်လေးကို အကြမ်းဖျင်းသိပြီး လိုက်ဆောင်ရွက်ကြည့်မယ်ဆိုရင် ... သင့်အတွက် အောင်မြင်မှု တနေရာကို သင်တွေ့မှာပါ။ အမြဲတိုင်း သင့်ဟာ လက်ရှိအခြေအနေကို အားရနေရမယ်၊ ပြီးတော့ ဒါနဲ့တင် မကျေနပ်ပဲ ဒီထက်ကောင်းတဲ့ အခြေအနေ၊ နေရာကို ရှာဖွေနေရမယ်။
သင်လိုချင်တဲ့နေရာကို လိုက်ရှာမှ တွေ့မှာပါ။ ဒီတိုင်းနေမယ်ဆိုရင်တော့ လက်ရှိအခြေအနေက လက်ရှိအခြေအနေပါပဲလေ ..........................

TIME MANAGEMENT

ဘလော့ရေးဖို့ ကျော်ခွ နေရတာ စိတ်ပျက်တာနဲ့ မရေးဖြစ်တာ အတော်ကြာသွားပါတယ်။
အရင်ကလည်း ဒီပို့စ်လေးကို ရေးပြီးတာပါ။ နည်းနည်းလေး ပြန်ပြင်ပြီး ထပ်တင်လိုက်ပါတယ်။ လူ့ဘ၀မှာ ပြန်မရတော့တဲ့အရာတွေထဲမှာ အချိန်ဆိုတာ ထိပ်ဆုံးကပါ။ ကုန်ဆုံးသွားပြီးတဲ့အချိန်ကို ဘယ်လို တောင်းတတောင်းတ မရနိုင်တော့ပါဘူး၊ ဒါကြောင့် လက်ထဲမှာ ရှိနေတဲ့ အချိန်လေးမှာ ဘာတွေ ကို ဘယ်လို အကျိုးရှိရှိ ( လေလွင့်မှု အနည်းဆုံးနဲ့) လုပ်ဆောင်မလဲဆိုတာလေး သိအောင် Time Management ကို လေ့လာရအောင်..........


၁။ နေ့စဉ် မိမိလုပ်ဆောင်ရမယ့်အလုပ်တွေကို အရင်ဆုံး ရေးဆွဲလိုက်ပါ။
အကောင်းဆုံးကတော့ စက်ဝိုင်းပုံ ကားချပ်ထဲမှာ မိမိနေ့စဉ်ဆောင်ရွက်မဲ့ ကိစ္စတွေကို Pie chart ပုံစံနဲ့ ဆွဲလိုက်မယ်ဆိုရင် မိမိ ဆောင်ရွက်ရမယ့် ကိစ္စရပ်လေးတွေကို မြင်သာသွားတာပေါ့။ အဲဒီထဲမှာမှ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မင်အနီလေးနဲ့ ရေးရင် ပိုကောင်းတယ်။ Pie chart ဆွဲရင် အလုပ်လေးတွေကို မိမိအသုံးပြုရမယ့် ကြာချိန်အလိုက် အပိုင်းလေးတွေ ဆွဲလိုက်မယ်ဆိုရင် တနေ့ ၂၄နာရီရှိတဲ့ ပုံကားချပ်ကြီးမှာ ကိုယ့်အတွက် အချိန် နေ့စဉ် လုပ်ငန်းဆောင်တာတွေ အပြင် တခြား ကိစ္စတွေ လုပ်ဆောင်ဖို့ ကိုယ့်အတွက် အချိန် ဘယ်လောက်ကျန်လဲ ဆိုတာ သိရတာပေါ့။

၂။ တစ်နေ့အတွက် ပြီးရင် အပတ်စဉ်အတွက် ဇယားဆွဲလိုက်ပါဦး။
ဒီလို တစ်နေ့လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေကို တပတ်စာ ဇယားလေး ချလိုက်ပါ။ အပေါ်ဘက် အတန်းက နေ့ရက်တွေ ရေးပြီးတော့ ဘေးဘက်အတန်းမှာ လုပ်ငန်းဆောင်တာတွေ ရေးလိုက်ပါ။ အကွက်လေးတွေမှာ သုံးရမဲ့အချိန်တွေ ရေးလိုက်ပါနော်။ လုပ်ငန်းဆောင်တာတွေ ရေးတဲ့အခါ အရေးကြီးသလို အစဉ်လိုက် ရေးချလိုက်ပါ။

၃။ ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် အလုပ်တွေ သတ်မှတ်မယ်။ နောက်တဆင့်က ကိုယ့် ဒီနေ့၊ ဒီတပတ်မှာ အရေးကြီး လုပ်စရာ တွေကို အရေးကြီးသလို rankသတ်မှတ်ပြီး ရေးလိုက်ပါ။ long range , medium range , immediate လားဆိုတာ task တွေနဲ့ ယှဉ်တွဲပြီး ရေးလိုက်ပါ။ ကိုယ် ပြီးမြောက်ချင်တဲ့ ကိစ္စအတွက် အချိန်ဘယ်လောက်သုံးမလဲ။ ကိစ္စပြီးမြောက်ဖို့အတွက်
ဘာတွေလုပ်မှာလဲ ဆိုတာ အသုံးပြုမယ့် အချိန်နဲ့တကွ သတ်မှတ်ထားဖို့လဲ လိုပါတယ်။

၃။ တကယ် လုပ်ရတော့မယ့် လုပ်ငန်းတွေ ( to do list ) ကို ပြန်ချ ရေးလိုက်ပါ။

၎။ မမျှော်မှန်းနိုင်တဲ့ အခြေအနေ၊ အကြောင်းအရာတွေက ပေါ်လာတတ်တာမို့ ချွင်းချက် အခြေအနေမှာ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာ ခန့်မှန်းထားဖို့ လိုပါတယ်။

၅။ ပြန်သုံးသပ်ကြည့်ပါ။
ကိုယ်ဆွဲထားတဲ့ ဇယားတွေကို ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်ယူထားတဲ့အချိန်ဟာ အမှန်တကယ် လိုတဲ့ကြာချိန်လား ။ ဦးစားပေးမှုတွေဟာ အရေးပါမှုအလိုက် စီထားတာ ဟုတ်ရဲ့လား။ ကိုယ်ဆွဲထားတဲ့ အချိန်ဇယားကို update လုပ်ပေးဖို့ လိုတယ်နော်။ လုပ်ပြီးသွားတဲ့ ကိစ္စတွေဟာ ကိုယ်စီမံထားတဲ့ အချိန်အတွင်း လုပ်နိုင်ရဲ့လားဆိုတာ ပြန်လည် သုံးသပ်လိုက်ပါ။ .................

သူငယ်ချင်းတို့ရဲ့ ပိုတဲ့ အချိန်လေးမှာ ကိုယ်ဘ၀ကြီး သာယာလှပဖို့ ဖန်တီးလိုက်ရအောင်နော်..........

Sunday, March 8, 2009

အဖွဲ့အစည်းနှင့် ခေါင်းဆောင် ( organization behavior )

ခေါင်းဆောင်အုပ်ချုပ်မှု၊ ဦးဆောင်မှုပုံစံဟာ အဖွဲ့အစည်းရဲ့ ပုံစံ၊ လမ်းကြောင်းကို များစွာ ပုံဖော်ပါတယ်။ အဖွဲ့ဝင်တွေအတွက် ဘယ်လောက်ထိ တွန်းအားတွေပေးနိုင်သလဲ ဆိုတာ မူတည်ပြီး အဖွဲ့ ရဲ့ ရည်မှန်းချက် ပြီးမြောက်မှု မှာ သက်ရောက်ပါတယ်။ သူတို့တွေ အလုပ်လုပ်ရတာ ပျော်ရွှင်မှုတွေ ရှိမှာသာ အလုပ်ပေါ် အမှန်တကယ် စိတ်ထားပြီး လုပ်ဆောင်မယ်ဆိုရင် အဖွဲ့ရဲ့ ပန်းတိုင်လည်း ပြီးမြောက်မယ်။ သူတို့လည်း ကျေနပ်တဲ့ အခြေအနေတစ်ခုကို ရမယ်လေ။ ဒါမှမဟုတ်ပဲ ပဒိုင်းသီး လက်ထဲ ကိုင်းထားသလို လုပ်နေရမယ်ဆိုရင် ဘာမှ ရလာမှာမဟုတ်ပါဘူး။ အဖွဲ့တခုဟာ အဖွဲ့ဝင် အားလုံးလုပ်ဆောင်ချက် ကောင်းရမယ်။ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းနေရမယ်၊ လူတိုင်းလူတိုင်းအဖွဲ့အတွင်းမှာ ကျေနပ်မှု ရရှိနေရမယ်။ တဦးတယောက်ချင်းစီ ပြန်ကြည့်ရင်လည်း နဂိုထက် ပို၍ တိုးတက်မှုကို ရနေရမယ်။ ဆက်လက်ပြီးတော့လည်း အဖွဲ့အတွက်သော်လည်း မိမိအတွက်သော်လည်း တိုးတက်မှုကို ရှာနေရမယ်။ ဒါပေမယ့် အဖွဲ့ ကို အသုံးချပြီး ကိုယ်ကျိုးရှာတာမျိုးတော့ မဖြစ်ရဘူးပေါ့။
  • ငါအမိန့်အတိုင်း (Autocratic)
အာဏာကို အားပြုပြီး အုပ်ချုပ်တဲ့ ပုံစံပါ။ နောက်လိုက်တွေအနေနဲ့ ခေါင်းဆောင်ပြောသမျှ တသွေမတိမ်း လိုက်နာရမယ်၊ လိုက်လုပ်ရမယ်၊ ခေါင်းဆောင်အပေါ် မှီခိုနေရမယ်။ များသောအားဖြင့် ဒီလို အခြေအနေ ဦးဆောင်မှုတွေမှာ နောက်လိုက်အနေနဲ့ အဆင်မပြေတာတွေ ၊ မလုံလောက်တာတွေ တွေ့ကြုံနေရရင်တောင်မှ ကြိတ်မှိတ်နေနေရတဲ့ ပုံစံတွေ ဖြစ်လာတယ်။ သူတို့အနေနဲ့ ပြန်ရချက် (၀င်ငွေ) အားဖြင့်လည်း ရပ်တည်နိုင်တယ်ဆိုရုံလောက်နဲ့ပဲ ကျေနပ်နေရပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း ခိုင်းတာတော့ လုပ်ပေးမှာပဲ။ ဒါပေမယ့် အောင်မြင်ပြီးမြောက်မှုဆိုတာ မသေချာပါဘူး။

Autocratic Organizations
  • ငွေပေးရင် ဘာမဆိုရတယ် (custodial)
သူကတော့ ငွေကြေးကို အားထားပြီး လူတွေကို ဦးဆောင်သွားတာပါ။ အဖွဲ့ဝင်တွေကို မက်လောက်တဲ့ ငွေကြေးတွေ ပေးတယ်၊ ဒါပေမယ့် အလုပ်ကိုတော့ ပြီးမြောက်အောင်မြင်အောင် လုပ်ရမယ်ပေါ့။ ဒီနည်းအားဖြင့် ဆိုရင်တော့ အလုပ်သမားတွေ ၊နောက်လိုက်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အလုပ်အကိုင် စိတ်ချရမှု၊ အကျိုးအမြတ်တွေ အရာအားလုံးဟာ အဖွဲ့အစည်းပေါ်မှာ မှီခိုမှာပါ။ ဒီအဖွဲ့အစည်းကို ခင်တွယ်မှာပါ။ နောက်လိုက်တွေ အနေနဲ့ကြည့်ပြန်ရင် ဒီလို အဖွဲ့မှာ ပါဝင်နေရလို့ သူတို့ စားဝတ်နေရေး သက်မွေးကျောင်းအတွက် လုံခြုံစိတ်ချရမှု ခံစားရမှာပါ။ ဒါကြောင့် အဖွဲ့ အပေါ် ပိုပြီး ခင်တွယ်လာမယ်၊ လုပ်ဆောင်မှုတွေကလည်း ပူးပေါင်းဆောင်ရွက်လိုစိတ်တွေ နဲ့ လုပ်ဆောင်လာမယ်။
Custodial Organization
  • ငါ ကူပေးမှာပေါ့ ( supportive )
ခေါင်းဆောင်ဟာ မိမိနောက်လိုက်ရဲ့ လိုအပ်ချက်တွေကို နောက်ကနေ ဖြည့် တင်းပေးပါတယ်။ အလုပ်တစ်ခုမှ ဒီတယောက်က မလုပ်တတ်ဘူးဆိုရင် သင်ပေးတယ်။ ဘာတွေ လိုလဲ ဖြည့်ဆည်းပေးတယ်လေ။ အလုပ်သမားတွေ၊ နောက်လိုက်တွေဟာလည်း အလုပ်ဆောင်ရွက်ချက် ကောင်းလာတယ်၊ မလုပ်နိုင်လည်း သင်ပေးနေတော့ အလုပ်ကို မကြောက်တော့ပဲ ပါဝင်လာတယ်လေ။ သူတို့တွေလည်း အသိအမှတ်ပြုခံရတဲ့ အခြေအနေ တစ်ခု ကို ရရှိကျေနပ်နေတာပေါ့။ အမြဲတမ်း အလုပ်လုပ်ဖို့အတွက် နိုးကြားနေတယ်လေ။ ဘာခိုင်းခိုင်း ကြိုးစားပြီး လုပ်တာပေါ့။
Supportive Organization
  • တူတူ လုပ်တာပေါ့ (collegial)
ခေါင်းဆောင်ဟာ ငါ ခေါင်းဆောင်ရယ်လို့ သဘောမထားပဲ teamwork ထဲမှာ တပြေးညီ ၀င်လုပ်ပါတယ်။ သူ့တာဝန် ကိုယ်တာဝန် ခွဲပြီး အတူတကွ လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် နောက်လိုက်တွေ အလုပ်သမားတွေဟာ မိမိယူထားရတဲ့ တာဝန်တစ်ခုအပေါ် တာဝန်ရှိသွားကြပါပြီ။ လုပ်သမျှကို ဂရုတစိုက်နဲ့ လုပ်တော့မယ်။ ကောင်းရင် စံရမယ် မကောင်းရင် ခံရမယ်ဆိုတာ သိနေပါတယ်။ ဒါကြောင့် သူတို့တွေဟာ တာဝန်ယူစိတ်တွေ ကိုယ့်ကိုကိုယ် ထိန်းကျောင်းမှုတွေ ဖြစ်လာပါတယ်။ သူတို့ ဒီလို လုပ်ရတာကြောင့် သူတို့ဆောင်ရွက်ချက်တွေရဲ့ရလဒ်တွေအပေါ် အမြဲဂုဏ်ယူနေမယ် ကျေနပ်နေမယ်လေ။ ဒါကြောင့် သူတို့တွေဟာ အမြဲ အလုပ်လုပ်ဖို့၊ ပေးထားတဲ့ တာဝန်ကို ကျေပွန်ရုံသာမက အောင်မြင်ဖို့အတွက် အရမ်းကို စိတ်အား တက်ကြွနေတဲ့ အနေအထားဖြစ်စေပါတယ်။
Collegial Organization



Thursday, January 22, 2009

ဝိသာခါ မဟုတ်သော ကျွန်မ (or) Strange Donation

ခေါင်းစဉ်ဘယ်လိုပေးရမှန်း မသိလို့ ဒီလို ပေးရတာ ထူးဆန်းသွားမှာပါ။ လတ်တလောက ကျွန်မ ကြုံခဲ့သောအဖြစ်လေးတစ်ခုကို တင်ပြချင်လို့ပါ။
လွန်ခဲ့တဲ့ တနလာင်္နေ့ကပါ။ ကျွန်မ နေမကောင်းတာနဲ့ အလုပ်ခွင့်ယူပြီး အိမ်မှာ အနားယူပါတယ် ။ ဦးဇောတိက စာအုပ်လေးကို ဖတ်ပါတယ်၊ ဘ၀ဆိုတဲ့ကျောင်း ရယ်၊ သိက္ခာရှိရှိနေမယ် ခွင့်လွှတ်တယ်ဆိုတာပါ၊ ဖတ်ရတာ အရမ်းကို စိတ်ချမ်းသာပါတယ်။ စိတ်ကို အရမ်းအေးချမ်းပါတယ်။ ဆရာတော်ဟောတဲ့ ကိုယ်ချင်းစာတရားကို အရမ်း နှစ်ခြိုက်ပါတယ်။ အိမ်အလုပ်လေးဘာလေးလုပ်ပြီး ညနေကျတော့ စာသင်စရာလေးရှိတာနဲ့ အပြင်ထွက်ဖို့ ပြင်ဆင်ပြီး ညနေ လုပ်ငန်းတာ စာသင်ဖို့ ထွက်ရတော့တာပေါ့။
ည ၇ခွဲလောက်မှာ ကျွန်မ စာသင်တဲ့ အတန်းတွေပြီးလို့ အိမ်ကို အပြန်ခရီးမှာ လှည်းတန်းရှေ့က စိန်ဂေဟာကို ၀င်ပြီး မနက်ကျောင်း ထမင်းချိုင့်အတွက် ဟင်းတွေ ၀င်ဝယ်တာပေါ့။ ဆိုင်ရှေ့မှာ ကျွန်မ အိမ်ကို ပြန်တဲ့ ကားဂိတ်ရှိတယ်လေ။ ဈေးဝယ်ပြီးတာနဲ့ ကားပေါ်တက်မယ်အလုပ် နောက်ကနေ
“ ဟိတ်..............နင် ECO ကလား ”
ကျွန်မရဲ့ စိတ်က လမ်းမှာ သူငယ်ချင်းတွေ့ပြီးခေါ်တာပဲဖြစ်ဖြစ် တပည့်တွေ နှုတ်ဆက်တာပဲ ဖြစ်ဖြစ် အရမ်းဝမ်းသာတတ်တာ........၊
“ အေး ဟုတ်တယ်။ ကျောင်းကပဲလား .......... ”
“ ဟုတ်တယ်၊ နင်ကို ငါမှတ်မိတယ် ”
“ ဟုတ်လား ၊ ၀မ်းသာပါတယ် မှတ်မိတာ ” အမှန်တကယ်တော့ ကျွန်မ မမှတ်မိပါ။ အတန်းထဲကလူဆိုလို့ ကျွန်မ နောက်ဆုံးတက်လာတဲ့ မဟာတန်းက လူတွေလောက်ပဲ မှတ်မိတာ ။ အတန်းငယ်တုန်းက ကျွန်မ ကျောင်းအရမ်းပြေတာလေ။ ဖြစ်နိုင်ပါတယ် မမှတ်မိတာ။
“ ငါတော့ သိပ်မမှတ်မိဘူး ........ ။ နောက်တွေ့လည်း ခေါ်ပါနော်၊ သူငယ်ချင်းတွေ ပြန်တွေ့ရင် အရမ်းဝမ်းသာတာ....”
“ နင်ကို ပြောချင်လို့........... ငါ့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ ၊ အခု ပိုက်ဆံ ၃၀ ပဲကျန်တယ်၊ ဘာလုပ်ရမှန်းမသိလို့ ထိုင်နေတာ ၊ နင်တွေ့လို့ ”
ဟုတ်ပါတယ်။ ကျွန်မဆိုလည်း အတော် စိတ်ညစ်မှာ ၊ မိန်းကလေး တစ်ယောက်တည်းလေ၊ ပိုက်ဆံ ၃၀နဲ့ ဘယ်ကားမှ စီးလို့မရဘူးလေ။
“ ဟုတ်လား၊ ငါဘာလုပ်ပေးရမလဲ၊ ငါ့ဆီက ယူသွားမလား၊ ”
“ အဆင်ပြေရင်တော့ လိုချင်တယ်၊ ”
ကျွန်မ ၁၀၀၀ ထုတ်ပေးလိုက်ပါတယ်၊ ကျွန်မအတွက် ၁၀၀၀ ခဏပေးလိုက်ရလို့ ကျွန်မ ဘာမှမဖြစ်ပါဘူးလေ၊ ကျွန်မ အိမ်ကိုတော့ ပြန်နိုင်ပါတယ်၊ သူ့ခမျာ အိမ်ကို ပြန်ဖို့ခက်နေတယ်လေ။
“ အဆင်ပြေရဲ့လား။ နင် ဘယ်အတန်းကလဲ ”
“ section 4 က ၊ ကျေးဇူးပဲဟာ ........ ငါ ဘယ်လို ဆက်သွယ်ရမလဲ ”
ကျွန်မ ဖုန်းနပါတ် ပေးလိုက်ပါတယ်၊ ကျွန်မလည်း
“ နင်ဘယ်မှာ လုပ်နေလဲ ”
“ accountant”
“ ဘယ်မှာ လုပ်တာလဲ ”
“ ကုမ္ပဏီမှာ ” ကျွန်မ သိချင်တာ ဘယ်ကုမ္ပဏီလဲဆိုတာပါ၊ နောက်တခေါက်မေးလဲ သူက မပြောပါ၊ မပြောချင်လို့ပဲ နေမှာဆိုပြီး မမေးတော့ပါဘူး၊
“ အဆင်ပြေရင် နောက်ထပ် ၁၀၀၀ လောက်ပေးခဲ့လို့ရမလား”
ကျွန်မ စိတ်ထဲမှာ ကားမရရင် taxi ငှားစီးဖို့ပဲနေမှာဆိုပြီး ကျွန်မ လက်က ပိုက်ဆံ ၁၀၀၀ ထုတ်လျက် ပေးပြီးသား ဖြစ်သွားပါတယ်။
“ ကျေးဇူးပဲ ”
“ ငါ မိုးချုပ်နေလို့ သွားတော့မယ်နော် ” ကျွန်မ နှုတ်ဆက်ပြီး ထွက်ခဲ့ပါတယ်။ ကားက လြူုပည့်မှ ထွက်တာမို့ ကားပေါ် တက်ထိုင်နေပါတယ်။ ကျွန်မလည်း ခုန ကောင်မလေးကို စိတ်မချလို့ လိုက်ရှာကြည့် ခဲ့ပါတယ်။ သူမက စိန်ဂေဟာ ရှေ့မှာ မတ်တပ်ရပ်လျက်၊ ကျွန်မ စိတ်ထဲမှာတော့ သူဘာကြောင့် မပြန်တာလဲ၊ ပိုက်ဆံလည်း ရသွားပြီပဲ။
ခဏနေတော့ သူမနားသို့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ နှစ်ယောက်သား ပုခုံးဖက်ပြီးတော့ ဆီချက်ဆိုင်ထဲ ၀င်သွားတာ၊ မျက်နှာလေးတွေက ကြည်နူးစရာပုံလေးနဲ့၊
ကျွန်မ သိလိုက်ရပါပြီ၊ ဒီကြည်နူးမှုလေးတွေက ကျွန်မ ပေးလိုက်တဲ့ကြည်နူးမှုတွေပါလားလို့...................
ရက်တွေသာ ကြာသွားပါတယ်၊ ကျွန်မဆီ ဖုန်းလည်း မလာပါဘူး၊ ပြန်စဉ်းစားမိတယ်။ ကျွန်မတို့ အတန်း section 2 ထိပဲရှိတာ section 4 ဆိုတာ ရှိမှမရှိပဲ။
ထူးဆန်းတာတစ်ခုကတော့ ကျွန်မစိတ်ထဲမှာ နှမျောတာတွေ မဖြစ်သွားတာပဲ။ အရင်တုန်းကဆို ကျွန်မ ပိုက်ဆံမစားရမသောက်ရပဲ ကုန်သွားရင် အရမ်း နှမျောတာ၊ စိတ်လည်း အရမ်း ညစ်တာ။ အခုတော့ ကျွန်မစိတ်ထဲ ဘာဆို ဘာမှမဖြစ်ခဲ့ဘူး၊ ဆရာတော်ဦးဇောတိကရဲ့ တရားကျေးဇူးတော်ကြောင့်ပါ။ ဒီပိုက်ဆံ ငါပြန်ရှာရင် ဖြစ်ပါတယ်လေ၊ ဘာပဲ ဖြစ်ဖြစ် သူတို့ ငါပေးလိုက်တာကြောင့် ပျော်ရွှင်မှုတော့ ရသွားပါတယ်ဆိုပြီးတော့ ပိတိတော့ ဖြစ်မိတာအမှန်ပဲ...............

နောက်ဆက်တွဲ အဖြစ်လေး


ဒ်ီအဖြစ်လေး ဖြစ်ပြီး ၆ ရက်မြောက်နေ့မှာ
တာမွေကားမှတ်တိုင်မှာ ဒီလိုမျိုးအဖြစ်မျိုး ထပ်ကြုံရပြန်တယ်။ ဒီတခါတော့ ကျွန်မ သိသွားပါပြီ။
ကောင်မလေး ရုပ်လေးက မထင်ရက်စရာပါ။ လှတပတလေးပါ။ ပိုက်ဆံအိတ် သူ့အလုပ်မှာကျန်ခဲ့လို့၊ ပြန်ဖို့ သူငယ်ချင်းစောင့်နေတာ၊ ဆံပင်ရှည်ရှည်နဲ့ကောင်မလေးကို တွေ့မိလားတဲ့။ မတွေ့မိဘူးပြောတော့ ဒုက္ခပါပဲ၊ ရန်ကင်းထိ ပြန်ရမှာ လမ်းလျှောက်ပြန်ရတော့မယ်ထင်တယ်တဲ့၊ အောင်မယ်လေး .......... ကျွန်မလို အတွေ့အကြုံလတ်လတ်ဆတ်ဆတ်ရှိပြီးသားကိုမှ လာပြောနေရသလား ကောင်မလေးရယ် .................
ဒီလိုခေတ်မှာ လုပ်စားကိုင်စားရတာ ခက်တယ်ဆိုတာတော့ မှန်ပါတယ်။ မြန်မာမိန်းကလေးများ အကျင့် သိလ မပျက်စေချင်ပါဘူး။ ဒီလိုမျိုးလိမ်တာကနေ သူတို့လေးတွေ လိမ်တောင်းမရရင် ဘာဖြစ်သွားကြမလဲ၊ ဘယ်လိုတွေမှာ သွားတောင်းကြမလဲ ဆိုတာ ရင်လေးစရာပါ.........