Monday, April 7, 2008

လူငယ်ဆိုသည်မှာ think global , act local

(ဂျာနယ်တစ်စောင်တွင် ယနေ့ လူငယ်များနှင့် ပတ်သက်၍ အင်တာဗျူးမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။)
“ Zipi တွေ အာရှမှာ ပေါ်လာကြတယ်။ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတွေမှာ ပေါ်လာတယ်။ အဲ့ Zipi တွေ ရဲ့ ထူးခြားချက်က ကြည့်လိုက်ရင် အမေရိကန် ပုံစံပဲ။ ဒါပေမဲ့ သူတို့ မျိုးချစ်စိတ် အရင်မျိုးဆက်တွေနဲ့ မတူဘူး။ အရင်က ရန်လိုတယ်။ ကိုယ့် identity ကို ဖက်တွယ်တယ်။ သူများကို ကျတော့ အသုံးမကျဘူးလို့ မြင်တယ်။ အခု Zipi တွေကျက အနောက်နိုင်ငံက ပညာတွေကို ယူပြီး ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိလာတယ်။ အာရှမှာ အရင်က cultureက ရှေ့တန်းရောက်တယ်။ အခုလက်ရှိ အောက်ရောက်သွားတယ်။ ဒါကို Zipi တွေက သိတယ်။ တခြား နိုင်ငံတွေလို နိုင်ငံခြားကြောက် ရောဂါနဲ့ မတုံ့ပြန်ဘူး။ သူတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တယ် ဆိုတဲ့ မာန ရှိတယ်။ အနောက်နိုင်ငံတွေက ပညာရအောင် ယူမယ်။သူတို့ထက် သာအောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ပြောရရင် Globalization လို့ပြောရမယ်။ Global value ကို లోకల్ ဖြစ်အောင် လုပ်တာ Glocalization ပေါ့။ အဲ့ဒါ Zipi တွေရဲ့ထူးခြားချက်ပေါ့ ”

Thursday, April 3, 2008

အဆိုးဆုံးနှင့် အကောင်းဆုံးအကျင့်

(၁) အဆိုးဆုံးအကျင့်ကား------------သောက
(၂) စိတ်ချမ်းသာစရာ အကောင်းဆုံးကား ------------- ပေးကမ်းခြင်း
(၃) ကျေနပ်စရာ အကောင်းဆုံးကား သူတပါးကို -------------- ကူညီခြင်း
(၄) အရုပ်ဆိုးဆုံးကိုယ်ရည်ကိုယ်သွေးကား --------------------- တစ်ကိုယ်ကောင်းဆန်ခြင်း
(၅) အထက်ဆုံးအားဆေးကား------------အားပေးခြင်း
(၆) ကျော်လွှားဖို့ အခက်ခဲဆုံးကား -------------အကြောက်တရား
(၇) အထိရောက်ဆုံး အိပ်ဆေးကား ----------------- စိတ်ငြိမ်းချမ်းမှု
(၈) အချိနဲ့ဆုံးနှင့် ကျဆုံးနိုင်ခြေ အများဆုံးကား ------------------ဆင်ခြေဆင်လက်
(၉) အင်အား အကြီးမားဆုံးအရာကား -----------------မေတ္တာ
(၁၀) အန္တာရယ်အကြီးဆုံး ပုဂ္ဂိုလ်ကျော်ကား--------------အတင်းပြောတတ်သူ
(၁၁) မရှိရင် မဖြစ်ဆုံးအရာကား----------------------မျှော်လင့်ချက်
(၁၂) ကြောက်စရာ အကောင်းဆုံးလက်နက်ကား--------လျှာ
(၁၃) သြဇာအရှိဆုံးစကားလုံးကား -----------------“ ငါလုပ်နိုင်တယ်”
(၁၄) အကောင်းဆုံးပိုင်ဆိုင်ခြင်းကား---------------------ယုံကြည်မှု
(၁၅) တန်ဖိုအမဲ့ဆုံးခံစားမှုက ------------------------- ကိုယ့်ကိုယ်ကိုယ် သနားတာ
(၁၆) အကောင်းဆုံးဝတ်စုံက ---------------------အပြုံး
(၁၇) တန်ဖိုးအရှိဆုံး ကိုယ်ပိုင်ပစ္စည်းကား -------------- ဖြောင့်မတ်တည်ကြည်မှု
(၁၈) အကူစက်လွယ်ဆုံး စိတ်ဓါတ်ကတော့ -------------------------ထက်သန်မှု
( စာအုပ်တစ်အုပ်ဖတ်ရာမှ စာသားများကိုကြိုက်လည်းကြိုက် ၊ လိုက်လုပ်ဆောင်ဖို့ရာလည်းကောင်းတာမို့ ပြန်မျှဝေလိုက်ခြင်း ဖြစ်ပါတယ် )

Wednesday, April 2, 2008

ခွေးများဆီမှ သင်ယူစရာ

(၁) ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့။
(၂) ချစ်သူခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်လိုက်စမ်းပါ။
(၃) ကိုယ့်အတွက် သိပ်အကျိုးရှိမယ်ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်အောင် ကျင့်ထားပါ။
(၄) ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေကြောင်း အသိပေးလိုက်ပါ။
(၅) ပြေးပါ၊ ခုန်ပါ၊ နေ့တိုင်းကစားပါ။
(၆) စားတဲ့အခါလည်း အားပါးတရနဲ့ မြိန်ရည်ယှက်ရည်စားလိုက်စမ်းပါ။
(၇) သစ္စာရှိပါ။
(၈) ဟန်မဆောင်ပါနဲ့။
(၉) ကိုယ်လိုချင်တာကို မြှပ်ထားရင် ဘယ်လေယက်နက်နက် ယက်ပြီး ဖော်ပါ။
(၁၀) တစ်ယောက်ယောက်စိတ်မချမ်းမသာဖြစ်ရင် တိတ်တိတ်လေးနေ၊ အနားမှာ ထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ။

သားအမိ နှစ်ဦး၏ စာရင်းရှင်းတမ်း

နွေရာသီ ကျောင်းပိတ်ရက်လေးတစ်ရက်မှာ မအေဖြစ်သူက သားလေးကို အလုပ်ကူလုပ်ဖို့ ပြောပါတယ်။ သားလေးက ကူလုပ်ပေးပါတယ်။ ခဏနေတော့ သားလေးက သူ့အမေဆီကို စာရွက်တစ်ရွက် ယူလာပါတယ်။ မအေဖြစ်သူက ကြည့်လိုက်တော့
မြက်ရိတ်ခ ..................................................... 500
အခန်းရှင်းခ ..................................................... 200
အမှိုက်သွန်ခ ..................................................... 100
ဈေးဝယ်ခ ..................................................... 200
အတန်းထဲမှာ ပထမရအောင်ဖြေခ ..................................................... 500
စုစုပေါင်း ..................................................... 1500
မအေက စာရွက်လေးကို ဖတ်ပြီး ချက်ချင်းပဲ ဘောင်ချာလေးကောက်ရေးလိုက်ပါတယ်
ကိုးလလုံးလုံး သားကို မေမေ့ဝမ်းထဲမှာ လွယ်ခ ..................................................... အခမဲ့
သားနေမကောင်းတဲ့အခါတညလုံးပြုစုခ ..................................................... အခမဲ့
ဘေးရန်ကင်းပါစေကြောင်း အခါခါဆုတောင်းခ ..................................................... အခမဲ့
သားအတွက်ကျခဲ့ရတဲ့ မေမေ့မျက်ရည် ..................................................... အခမဲ့
အမြဲမပြတ် ပေးနေရတဲ့ မေမေ့မေတ္တာ ..................................................... အခမဲ့
သားအတွက် ပူပန်ကြောင်းကြသောကရောက်ရတာတွေအတွက် ....................................... အခမဲ့
သားရဲ့ မစင်တွေ၊ နှပ်တွေ သုတ်ပေးခ ..................................................... အခမဲ့
သားလေးကျန်းမာသန်စွမ်းအောင် အာဟာရဖြည့်စွမ်းခ ................................................ အခမဲ့
စုစုပေါင်း မေမေ့မေတ္တာစစ်အတွက် ကျသင့်ငွေ ..................................................... အခမဲ့

မေမေ့စာရင်းရှင်းတမ်းကို သားငယ်လေးဖတ်ပြီးတော့ မျက်ဝန်းထဲက မျက်ရည်တွေနဲ့ “ သား မေမေ့ကို အရမ်းချစ်တာပဲ ” တဲ့

Monday, March 31, 2008

အရင်းအနှီးနှင့် အယုအယ

အဆိုအမိန့် တစ်ခုရှိပါသည်။ အရင်းအနှီးဆိုတာ လိုချင်တဲ့နေရာကို သွားသည်။ ပြီးတော့ အပြုအစုအယုအယကောင်းသည့် နေရာမှာ ကြာကြာနေသည်......ဟုဆိုထားသည်။ လိုချင်တဲ့နေရာဆိုတာ ဘယ်နေရာကို ဆိုလိုတာလဲ ။ အပြုအစုကောင်းတဲ့နေရာဆိုတာ ဘယ်လိုနေရာလဲဆိုတာ လေ့လာကြည့်ရအောင်.........။ ငွေဆိုတဲ့ အရင်းအနှီးဆိုတဲ့ အပျိုချောကို ပိုးနည်းပမ်းနည်းတွေ ချစ်ရုံကြင်ရုံမျှမက ဘ၀တစ်သက် အိမ်ထောင်ဖက်ဖြစ်ဖို့တွေ အထိကြံစည်ကြရပါသည်။ ငွေကလည်း မူယာမာယာများလှသည်။ ပိုးသူပန်းသူကလည်း ဗျူဟာများရသည်။ နောက်ဆုံးတွင် ပိုးနည်း (၁၂)နည်းရှိကြောင်း နည်းဗျူဟာမျှဝေလိုက်ပါသည်။
(၁) အပြောင်းအလဲနည်းသော၊ တည်ငြိမ်သော၊ ရေရာသေချာသော၊ ကြိုတင်တွက်ဆနိုင်သော နိုင်ငံအဆင့် စီးပွားရေးမူဝါဒများ ရှိရမည်။
(၂) ထိရောက်ထက်မြက်သော ရိုးသားသော အစိုးရတစ်ရပ် ရှိရမည် - ရင်းနှီးမြှပ်နှံသူ တစ်ယောက်သည် အိမ်ရှင်အစိုးရ၏ တရားဥပဒေစိုးမိုးထိန်းသိမ်းနိုင်စွမ်းကို အားကိုးအားထားပြုသည်။
(၃) ကြီးမားပြီး တိုးတက်သော ဈေးကွက်ရှိရမည်။
(၄) ဈေးကွက်၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိရမည် - လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်စွမ်း၊ ဈေးကွက်တစ်ခုထဲဝင်ရောက်ရန် ကိုယ့်အစိုးရ၊ သူ့အစိုးရအဟန့်အတားသည် အရေးကြီးပါသည်။
(၅) အစိုးရ၏ စည်းမျဉ်းစည်းကမ်း အနည်းဆုံး ဖြစ်ရမည် - ပုဂ္ဂလိကလုပ်ငန်းများ၏ အရေးအရာများနှင့် အကျိုးအမြတ်များအပေါ် အစိုးရ၏၀န်ပိမှုအနည်းဆုံးဖြစ်ရမည်။
(၆) ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရမည်။
(၇) စိတ်ချအားကိုးလောက်သော လမ်းပန်းဆက်သွယ်ရေး ရှိရမည်။
(၈) ခိုင်မာသော ပြည်တွင်းငွေကြေးရှိရမည် - ပြည်တွင်းငွေကြေး၏တန်ဖိုးတည်ငြိမ်ရန် လိုအပ်သည်။ ထိုအတွက်လည်း အစိုးရ၏ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒ ခိုင်မာရမည်။ လုပ်ဆောင်ချက် ကောင်းရမည်။
(၉) အဆင့်မြင့် ကုန်ထုတ်စွမ်းအားစုများ ရရှိနိုင်ရမည်။
(၁၀) အမြတ်တွေပြန်ပို့ခွင့် - အကျိုးအမြတ်တွေရသော်လည်း ပြန်သယ်ခွင့် ပြန်ပို့ခွင့် မရလျှင် မည်သူမျှ ရင်းနှီးချင်မည်မဟုတ် ၊ဒါကြောင့် အကျိုးအမြတ်၊ အမြတ်ဝေစု၊ အတိုးများကို ပြန်ပို့ခွင့် ရှိရမည်။
(၁၁) အခွန်စနစ် - မရောက်သေးသော အရင်းအနှီးများ ရောက်လာအောင် ဆွဲဆောင်ရန် လုပ်သာ ကိုင်သာသော အခွန်စနစ်ရှိရန် လိုအပ်သည်။
(၁၂) ဈေးကွက်များအကြား လွတ်လပ်စွာ လှုပ်ရှားခွင့် - နိုင်ငံတနိုင်ငံမှ နောက်တစ်နိုင်ငံ၊ ဈေးကွက်တစ်ခုမှ နောက်တစ်ခုသို့ ကုန်စည်နှင့် ၀န်ဆောင်မှုများရွှေ့ပြောင်းနိုင်စေရမည်။
ကဲ..............ပိုးနည်းပန်းနည်းကတော့ လေ့လာမိသလောက်ပေါ့........ကျန်တာ ပိုးသူနဲ့ အပျိုချောတို့ရဲ့ သဘောထားပေါ့နော့ .............။

Thursday, March 6, 2008

“ ၀ယ်သူသည် ပထမ၊ ၀န်ထမ်းသည် နံပါတ်-၁ ”

မရေးတာကြာလို့ ဘာအကြောင်းရေးရမလဲဆိုပြီး စဉ်းစားလိုက်တာ ပတ်ဝန်းကျင်မှာ ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် ရေးစရာအကြောင်းလေး ပေါ်လာခဲ့ပါတယ်။ ကုမ္ပဏီဝန်ထမ်းအတော်များများမှ ပြောနေကြတဲ့ အလုပ်ခွင် နေမပျော်မှုပါပဲ။ အခုလုပ်ငန်းများဟာ ၀ယ်သူက နံပါတ်- ၁၊ ၀ယ်သူသည် အမြဲမှန်သည် ဟူသော မူကိုသာ အာရုံစိုက်နေကြပါတယ်။ အခုလို ၀ယ်သူများကို အလေးထားတာ လုပ်ငန်း၏ နမည်ဂုဏ်သတင်းကောင်းကို ရရှိရုံသာမက လုပ်ငန်းအတွက် ၀ယ်လိုအားများများ ရရှိလာနိုင်ပြီး လုပ်ငန်းအတွက် ၀င်ငွေလည်း ခိုင်မာစွာ တိုးလာနိုင်ပါတယ်။ ဒါပေမဲ့ ၀ယ်လိုအားတွေ အရမ်းများပြီး ရောင်းလိုအားမလိုက်နိုင်ရင်ရော ဆိုတဲ့အချက် စဉ်းစားဖို့ မေ့တတ်ကြပါတယ်။ ဆိုလိုတာက မိမိဝန်ထမ်းများက တိုးလာတဲ့ ၀ယ်လိုအားကို ပြန်ဖြည့်စွမ်းပေးနိုင်ဖို့အား ရှိရဲ့လား ။ သူဌေးအတော်များများဟာ မိမိဝန်ထမ်းများကို ငါတော့ တန်ရာတန်ကြေးပေးထားတာပဲဆိုပြီး အလုပ်ကို စီးပွားတွက်ခိုင်းစေကြပါတယ် ။ အဓိကကတော့ ဆက်ဆံရေးမပြေလည်မှုများကြောင့် ၀န်ထမ်းအတော်များများဟာ လုပ်ငန်းခွင် နေပျော်မှုမရှိတော့ပါဘူး ။ ၄င်း၏အကျိုးဆက်အားဖြင့် ၀န်ထမ်းများသည် ၄င်းတို့၏ လခအလိုက်သာ စိတ်မပါပဲ အလုပ်တွေ လုပ်ကြတော့ပါတယ်။ ဒီအခါမှာ ကုမ္ပဏီအတွက် အများကြီး နစ်နာပါတယ်။ ၀န်ထမ်းရဲ့ စိတ်မပါမှုများကြောင့် ခိုင်းစေသော အလုပ်မှလွဲ၍ ကျန်အလုပ်များကို မလုပ်ပဲ ခိုကပ်လာကြသည်။ ကုမ္ပဏီအတွက် အကျိုးရှိရာ အကျိုးရှိကြောင်းများကို တီထွင်လိုစိတ်၊ တွေးတောစိတ်များ နည်းလာကြသည်။ အမှန်စင်စစ်တွင် ၀န်ထမ်းများသည် ကုမ္ပဏီနှင့် ၀ယ်သူဖောက်သည်အကြား ဆက်သွယ်ပေးသော တံတားပင်ဖြစ်ရာ ထိုတံတားကြီး ပျက်စီးလျှင် လုပ်ငန်းသည် ၀ယ်သူများနှင့် အဆက်ပြတ်မယ်ဖြစ်ရာ “ ၀ယ်သူသည် နံပါတ်- ၁”ဆိုသော ဆောင်ပုဒ်လည်း ဖုန်တက်လာလိမ့်မည်။ သစ်ပင်သည် ရေသောက်မြစ်နှင့် ပင်စည်မရှိလျှင် အကိုင်းအခက်များလည်း ရှိမည်မဟုတ်ပေ။ အသီးအပွင့်များလည်း ဖြစ်လာမည်မဟုတ်ပေ။ အလားသဏ္ဌာန်တူပါသည် ၊ ကုမ္ပဏီလုပ်ငန်းများသည်လည်း မတည်ငွေ ရေသောက်မြစ်ရှိပြီး ၀န်ထမ်းဟူသော ပင်စည်သည် ခနော်ခနဲ့ ဖြစ်နေလျှင် အကိုင်းများသည်လည်း တဖြုတ်ဖြုတ်ကြွေကျမည်။ အသီးများသည်လည်း အဖတ်တင်မည်မဟုတ် ။ ပြိုင်ဘက်များဖြင့် အပြိုင်အဆိုင်ဖြစ်နေသော ဈေးကွက်စီးပွားရေးစနစ်တွင် မိမိ၏ အသီးအပွင့်များ ချိုမြိန်ဖို့အရေး ၀န်ထမ်းဟူသော ပင်စည်ကို ခိုင်ခိုင်မာမာဖြင့် သန်စွမ်းအောင် အားဖြည့်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် “ ၀ယ်သူသည် ပထမ၊ ၀န်ထမ်းသည် နံပါတ်-၁ ” ဟူသော ဆောင်ပုဒ်လေးကို ပြောင်းကြရအောင်...................

Tuesday, January 1, 2008

ဒေါ်လာနှင့် ယူရို ဘယ်သူသာလို့ နိုင်ပါတော့နိုင်........

ယနေ့တွင် ဖြစ်ပေါ်နေသော ဂရက်တစ်ခုမှာ အမေရိကန် ဒေါ်လာသည် ဈေးနှုန်း ကျဆင်းခြင်းပင် ဖြစ်သည်။ ဒေါ်လာဈေးနှုန်း ကျဆင်းခြင်းသည် နိုင်ငံ အသီးသီး၏ စီးပွားရေးကို လှုပ်ခတ်လာခဲ့သည်။ ကန်ဒေါ်လာ ကျဆင်းမှုသည် အမေရိကန် သမိုင်းကြောင်းတွင် ၁၉၇၁-၇၃ ဒုတိယကမ္ဘာစစ် ပြီးနောက်၌ အနောက် နိုင်ငံများ၏ ငွေကြေးသည် ကန်ဒေါ်လာနှင့် ရွှေကို နောက်ခံပြုလျက် ပုံသေနှုန်းဖြင့် လဲလှယ်နေရာမှ ဂျပန်နှင့် ဂျာမနီ၏ စီးပွားရေး ကောင်းလာရာ Bretton Wood System အရ နှုန်းရှင်ဖြင့် လဲလှယ်မှု စနစ်ကို ပြောင်းလဲခဲ့သည်။ ထိုနောက်တွင် ကန်ဒေါ်လာ ဈေးနှုန်း ပြန်သတ်မှတ်ရာမှ ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း၊ အတိုးနှုန်း မြင့်မားလာခြင်းနှင့် ရင်ဆိုင်ခဲ့ကြရာ ဒေါ်လာဈေးနှုန်း တဟုန်ထိုး ကျဆင်းခဲ့သည်။ ၁၉၈၀ခုနှစ်တွင် စစ်အသုံးစရိတ်ကြောင့် နှစ်ဆဖြစ်လာသော နိုင်ငံ Budget တွင် လိုငွေ ပြခဲ့သည်။ ငွေချေးငှားမှု ရရှိစေရန် အမေရိကန်သည် ၄င်းကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်၍ ဖြန့်ချိခြင်းဖြင့် ဒေါ်လာတန်ဖိုးကို တက်စေခဲ့သည်။ သို့သော် မှန်းသည့်အတိုင်း ဖြစ်မလာဘဲ trade deficit မှာ ကြီးမားလာခဲ့ရာမှ ကန်ဒေါ်လာဈေး ထိုးကျခဲ့သည်။ ၁၉၉၄-၉၅ခုနှစ်တွင် ဂျပန်နှင့် ဂျာမနီ စီးပွားရေး ကောင်းလာရာ အမေရိကန်နိုင်ငံမှာ နိုင်ငံခြားသို့ ငွေကြေးရင်းနှီးမြှပ်နှံ (ငွေသားစီးထွက်မှု) များလာရာ ဒေါ်လာဈေးမှာ ဂျပန်ယမ်းနှင့် ဂျာမန်မတ် အပေါ်ထိုးကျလာခဲ့သည်။

ယခု ဒေါ်လာဈေး ကျဆင်းမှုကို ဆန်းစစ်သော် ဖြစ်နိုင်ချေရှိမှုသည် အမေရိကန်၏ trade deficit ၊ budget deficit နှင့် ဘုရှ်အစိုးရ၏ အီရတ်စစ်ပွဲ၌ စစ်အသုံးစရိတ် များမှုတို့ကြောင့် ဖြစ်နိုင်သည်။ ရေနံဈေးနှုန်း မြင့်မားမှုကြောင့် ဂယက်ရိုက်ခဲ့ရသည်ဟု ယူဆကာ ရေနံထုတ်လုပ်သော နိုင်ငံများအဖွဲ့အား ရေနံထုတ်လုပ်မှု တိုးမြင့်ရန် တောင်းဆိုခဲ့သည်။ ရေနံထုတ်လုပ်သော နိုင်ငံများအဖွဲ့မှ ဒေါ်လာကို တည်ငြိမ်သော ငွေကြေးယူနစ်အဖြစ် လုပ်ပေးနိုင်မှာလား။ လတ်တလောတွင် ထုတ်ပြန်ခဲ့သော {ရေနံကို ရောင်းဝယ်ရာတွင် ဒေါ်လာကို အသုံးမပြု} ဟူသော အီရန်၏ ကြေငြာချက်သည် တခြားသော ရေနံထုတ်လုပ်သော နိုင်ငံများ အနေနှင့် အားနည်းလာပြီဖြစ်သော အမေရိကန်၏ စီးပွားရေးနှင့် ကျဆင်းနေသော ဒေါ်လာနှင့်ပဲ ဆက်လက် နှစ်ပါးသွားရမည်လား ဟူ၍ စောဒက တက်စရာ ရှိလာသည်။ ဒေါ်လာတန်ဖိုး ကျဆင်းမှုသည် ရေနံတင်သွင်းသောနိုင်ငံများအတွက် ၄င်းတို့၏ အရံ (reserve) စာရင်းရှိ ဒေါ်လာမှာ တန်ဖိုးကျဆင်းမှုနှင့် ရေနံတင်သွင်းပြီး ရရှိသောဝင်ငွေမှာလည်း အရှုံးနှင့် ကြုံတွေ့ဖွယ်ရှိသည်။ ထိုကြောင့် အီရန်၏ ဆုံးဖြတ်ချက်သည် တခြားသော ရေနံထုတ်လုပ်သော နိုင်ငံများ အတွက် လုပ်ဆောင်နိုင်သော လမ်းကြောင်းတစ်ခုကို မီးမောင်းထိုးနိုင်မည်လား။

ကမ္ဘာပေါ်တွင် စတုတ္ထ ရေနံအများဆုံး တင်သွင်းသော အီရန်သည် တခြား OPEC အဖွဲ့ဝင် နိုင်ငံများအား အမေရိကန် ဒေါ်လာသည် ယုံကြည်စိတ်ချရမှု မရှိတော့သည့် အတွက် အမေရိကန် ငွေစက္ကူကို အသုံးမပြုတော့ရန် တိုက်တွန်းခဲ့သည်။ ရေနံထွက်သော နိုင်ငံများသည် ပြီးခဲ့သော နိုဝင်ဘာလတွင် ကျင်းပခဲ့သော OPEC ရေနံ ၀န်ကြီးများ အစည်းအဝေး၌ ဒေါ်လာသည် ဈေးကျဆင်းလာရာ ယူရိုလောက် စွမ်းဆောင်ရည် မရှိတော့သဖြင့် ရေနံထုတ်လုပ်သူတို့၏ ၀င်ငွေမှာ လျော့နည်း ကျဆင်းခဲ့ရကြောင်း၊ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်လာဈေး ကျဆင်းမှုသည် ၄င်းနိုင်ငံ၏ ငွေကြေး တန်ဖိုးကိုပါ ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ထိုကြောင့် ဒေါ်လာဈေး ကျဆင်းမှုဂယက်သည် အမေရိကန်၏ စီးပွားရေးသာမက ၄င်းနှင့် ကုန်သွယ်နေသော နိုင်ငံများအတွက် စိုးရိမ်မှုတရပ် ဖြစ်လာခဲ့သည်။

ထိုသို့ ဒေါ်လာတန်ဖိုး အားပျော့လာချိန်တွင် အီရန်သည် ၄င်းနိုင်ငံ ရေနံထုတ်ကုန် ၈၅% မှာ ဒေါ်လာ မဟုတ်သော ငွေကြေးယူနစ်ဖြင့် လက်ခံရရှိပြီး ၀ယ်ယူသူများ ကိုလည်း ယူရို သို့မဟုတ် ဂျပန်ယမ်းဖြင့် ငွေချေရန် တောင်းခံခဲ့သည်။ ယခုတွင် အစ္စလာမ်နိုင်ငံများသည် ဂျပန်သို့ ကုန်ပို့ရာတွင် ကန်ဒေါ်လာအစား ယမ်းဖြင့်သာ ငွေချေမှု ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်နေ့မှာစ၍ အီရန်သည် ရေနံ (ကုန်ကြမ်း) ကို ရောင်းရာတွင် ဒေါ်လာ အသုံးပြုမှုကို လုံးဝရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။

OPEC သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၄၀ % ကိုသာ ထိန်းချုပ်နိုင်ရာ ကျန် OPEC မဟုတ်သော နိုင်ငံများအတွက် အီရန်နည်းအတိုင်း ဒေါ်လာကျဆင်းမှုကို ကာနိုင်မည်လား ဟူ၍ မေးစရာ ဖြစ်လာပါသည်။ အီရတ်သည် အမေရိကန်၏ ကျူးကျော်မှုကို မခံရချိန်ကပင် အီရန်ကဲ့သို့ ကျင့်သုံးခဲ့သည်။ ထိုကြောင့် တခြား ရေနံထုတ်လုပ်သောနိုင်ငံများသည် ရေနံရောင်းရာတွင် ဒေါ်လာကျဆင်းမှုဒဏ်ကို ခံစား နေရသည့်အတွက် အီရန်၏ နည်းအတိုင်း ဒေါ်လာ အသုံပြုမှုကို လျော့ချနိုင်ပါသည်။ ရုရှားသည် ဒေါ်လာ အသုံပြုမှုကို လျော့ချမှုသည် စဉ်းစားစရာ နည်းလမ်းတစ်ခု ဖြစ်သော်လည်း အချိန်တို ကာလအတွင်း၌ တိကျ ရှင်းလင်းသော အကျိုးရလဒ် ပုံမပေါ်သော်လည်း ဒေါ်လာသည် တခြားသော မည့်သည့်ငွေကြေးယူနစ်နှင့်မဆို လွယ်ကူစွာ ပြောင်းလဲနိုင်သည် ဖြစ်ရာ ပြန်ရချက်များသော ရင်းနှီးမြှပ်မှုများတွင် ဒေါ်လာကို အသုံးပြုသင့်ကြောင်း သုံးသပ်ခဲ့သည်။

ရေနံလွှမ်းမိုးမှု

PFC Energy ၏ ဈေးကွက်လေ့လာရေးဌာနမှ မန်နေဂျာ David E KirsJc က ရေနံထုတ်လုပ်သူများ အနေဖြင့် ၄င်းရေနံရောင်းဝယ်မှုအတွက် မည်သည့်ငွေကြေးယူနစ်ကို မဆို ရွေးချယ်နိုင် သော်လည်း ကမ္ဘာ့ ရေနံဈေးကွက်တွင် ဒေါ်လာသည် လွှမ်းမိုးနိုင်ဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ဒေါ်လာဖြင့် အသားကျစွာ ရောင်းဝယ်မှုပြုနေသော နိုင်ငံတကာ ကုန်သွယ်မှုများတွင် ဒေါ်လာအစား ယူရို သို့မဟုတ် တခြား ငွေကြေးယူနစ်များကို အသုံးပြုမည် ဆိုလျှင် အမှန်တကယ် ပေါက်သော ရေနံဈေးနှုန်းတွက်ချက်ရာတွင် ကိုက်ညီမည့် ငွေကြေးလဲလှယ်မှု ညွှန်းကိန်းများ ပြန်လည် ချမှတ်ရမည် ဖြစ်သည်။ ထိုသို့ ငွေချေမှုစနစ် ပုံစံပြောင်းမှုသည် နေ့ချင်းညချင်း လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ပေ။ ကမ္ဘာ့ရေနံ ဈေးကွက်တွင် ဒေါ်လာလွှမ်းနေသည် ဆိုသည်မှာလည်း ရေနံထုတ်လုပ်သော နိုင်ငံများနှင့် Brent ကဲ့သို့ ရေနံ ပြန်လည်သန့်စင်သည့် လုပ်ငန်း များသည် စာချုပ်ချုပ်မှုနှင့် ဈေးနှုန်းသတ်မှတ်ရာတွင် ဒေါ်လာယူနစ်ကို အသုံးပြုရုံသာမက ရောင်းဝယ်မှု၌ ငွေလွှဲပြောင်းရာတွင် ဘဏ်ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့ အစည်းများသည် ဒေါ်လာကိုသာ လက်ခံဆဲ ဖြစ်သည်။ ထိုကြောင့် အသားကျနေပြီ ဖြစ်သော စနစ်တစ်ခုကို ပြောင်းလဲပစ်ရာတွင် မူလဇစ်မြစ်ကပါ ပြင်ဆင်ရာမည်ဖြစ်၍ လွယ်ကူစွာ ပြောင်းလဲနိုင်သော ကလေးကစားနည်းမဟုတ်ပေ။West Texas Intermediate သည် အမေရိကန် ဈေးကွက်တွင် ရောင်းဝယ်သည်။ Brent သည် လန်ဒန်ဈေးကွက်တွင် ကျင်လည်သည်။ Platts သည် အရှေ့အလယ်ပိုင်းရှိ ဒူးဘမ်းနှင့် အိုမန်၏ ရေနံကုန်ကြမ်းကို အပိုင်သိမ်းသည်။ ၄င်းတို့သည် မည်သည့် ဈေးကွက်တွင် မည်သို့ပင် ဆောင်ရွက်ရာ စေကာမူ ဈေးနှုန်းများ သတ်မှတ်ရာတွင် ဒေါ်လာဖြင့်သာ သတ်မှတ်သည် ကို တွေ့ရပါသည်။

နောက်မေးခွန်းတစ်ခု ပေါ်လာပြန်သည်။ ရေနံဈေးနှုန်းများသတ်မှတ်ရာတွင် ဒေါ်လာနှင့် သတ်မှတ်ခြင်းကို ဘယ်လို တားဆီးကြမလဲ ဆိုတာပင် ဖြစ်သည်။ ရေနံဈေးနှုန်းကို ဒေါ်လာနှင့် သတ်မှတ်ခြင်း (peg) သည် တရားဝင် သဘောတူညီမှုအရ မဟုတ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် လက်တွေ့၌ ကျင့်သုံးနေခဲ့ပြီး ဖြစ်သည်။ ရေနံရောင်းဝယ်မှုမှစ၍ ဒေါ်လာကို အသုံးပြုလာသည်ဖြစ်ရာ ဒေါ်လာကွင်းဆက်မှာ ခိုင်ခိုင်မာမာ ချိတ်မိနေပြီဖြစ်သည်။ ထိုကြောင့် အီရန်သားများ နေ့နေ့ညည စဉ်းစားနေသော ရေနံဈေးနှုန်း ဒေါ်လာမှ ယူရို ပြောင်းရေးကိစ္စမှာ ၀ုန်းဒိုင်းကျဲ လုပ်ဆောင်ရမည့်အရေး မဟုတ်ဘဲ အချိန် အတော်ကြာယူ၍ အားသွန်ခွန်စိုက် ကြိုးပမ်းမှ တော်ရုံကျမည် ဖြစ်သည်။

အီရန်သည် ၄င်းနိုင်ငံတွင် ရေနံရောင်းဝယ်ရေးဌာန ( စင်တာ ) ကို ဖွင့်လှစ်ရန် စီစဉ်နေသည်။ ၄င်းစီမံကိန်း အကောင်အထည် ဖော်ပြီးလျှင် ရေနံရောင်းဝယ်ရာတွင် ယူရိုကဲ့သို့ ဒေါ်လာမဟုတ်သော ငွေကြေးဖြင့် ရောင်းဝယ်လာမည် ဖြစ်သည်။ ထိုအခါ အမေရိကန်ဘဏ်သည် အီရန်ဘဏ်များနှင့် လုပ်ဆောင်မှုများ ဆောင်ရွက်ရာတွင်သည် ယခင်က ကန်ဒေါ်လာကို လက်ခံ၍ ၄င်းတို့ငွေကြေး သို့ပြောင်းလဲပေးခဲ့ရာမှ ယခုအတိုင်း ဆိုလျှင် ကန်ဒေါ်လာမှ ယူရိုအဖြစ် ပြောင်း၍ လွှဲပေးရာမှာ ဖြစ်သည်။ နိုင်ငံများသည် အမေရိကန် ငွေကြေးယူနစ် ကို မသုံးတော့မည်ဆိုလျှင် အမေရိကန်နှင့် ရောင်းဝယ်ရာတွင် ကြားခံငွေကြေးယူနစ်တစ်ခုကို အသုံးပြုရမည် ဖြစ်သောကြောင့် ငွေကြေးဆောင်ရွက်ချက် ပုံစံများလည်း လုံးဝပြောင်းလဲရမည် ဖြစ်သည်။

ရောင်းဝယ်မှုများတွင် ငွေကြေးယူနစ်ပြောင်းလဲသုံးမှုမှာ မည်မျှပင် ခက်ခဲပါစေ ဒေါ်လာကျဆင်းမှုကို ကာချင်သောဆန္ဒမှာ တီဟီရန် တစ်ဦးတည်းတွင် ဖြစ်ပေါ်သည်မဟုတ်ဘဲ ရုရှားသမ္မတ ပူတင်သည် ရုရှား စတော့အိတ်ချိန်းတွင် ရေနံ၊ ဓါတ်ငွေ့နှင့် တချို့သော ကုန်စည်များကို ရောင်းဝယ်ရာတွင် ရူဘီကိုသုံးရန် စိတ်ဝင်စားခဲ့သည်။ ထိုပြင် ရုရှားပါလီမန်အဖွဲ့သည် ရေနံရောင်းဝယ်မှုတွင် ယူရိုကို သုံးရန် ၂၀၀၆ ခုနှစ်တွင် ဆွေးနွေးခဲ့ဖူးသည်။ အမေရိကန်ကို ကြည့်မရသူများထဲတွင် တစ်ဦးဖြစ်သော ဗင်နီဇွဲလားနိုင်ငံသည် လက်တင်အမေရိကန်နိုင်ငံ (၁၂) နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့နှင့် ကုန်သွယ်ရာတွင် ဒေါ်လာကို အသုံးမပြု တော့သည့်အပြင် ရေနံရောင်းဝယ်ရာတွင် တက်နိုင်သမျှ ကုန်စည်ချင်းဖလှယ်မှုစနစ် ( Barter) ကို သုံးမည်ဖြစ်သည်။ သမ္မတ ချားဗတ်စ် က နိုင်ငံပိုင်ရေနံကုမ္ပဏီများအား ဒေါ်လာဖြင့် ရင်းနှီးမြှပ်နှံမှုမှ ယူရို သို့မဟုတ် တခြားငွေကြေးယူနစ်သို့ပြောင်းရန် ညွှန်ကြားခဲ့သည်။ ကန်ဒေါ်လာ၏ သိက္ခာပုဒ် ကျဆင်းတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီလော။

ဒေါ်လာမှီခိုမှု ပျက်ယွင်းခြင်း

ရေနံ အများဆုံး ထုတ်လုပ်သော ဆော်ဒီနိုင်ငံသည် ဒေါ်လာတန်ဖိုး ကျဆင်းမှုနှင့် ရေနံဈေးနှုန်းယူနစ် ပြောင်းလဲမှုတွင် ၄င်းနိုင်ငံအတွက် ဖြစ်လာမည့် အကြောင်းတရားများနှင့် အကျိုးတရားများအတွက် စိုးရိမ်ပူပန်နေသည်။ ဒေါ်လာကျဆင်းမှု၏ နောက်ဆက်တွဲ ပြဿနာများအတွက် ရင်မအေးနိုင်ပေ။ ၄င်းတွင် oil reserves $ ၂၀ယ၀၀၀ ဘီလီယံတွင် ကန်ဒေါ်လာဖြင့် reserves $ ၈၀၀ ဘီလီယံ လောက်ရှိရာ ဒေါ်လာတန်ဖိုး ကျဆင်းမှုနှင့် ရေနံဈေးနှုန်းယူနစ် ပြောင်းလဲမှုသည် ၄င်းအတွက် အကြီးစား ဘဏ္ဍာငွေ ဆုံးရှုံးမှုကြီး ဖြစ်သည်။

သိုသော်လည်း ပါရှန်ပင်လယ်ကွေ့ နိုင်ငံများ အတွက် ကံကောင်းချက် သို့မဟုတ် အားသာချက်တစ်ခုမှာ ဂျပန်၊ အိန္ဒိယ၊ စင်္ကာပူစသော အာရှဈေးကွက်ကို ဆုပ်ကိုင်နိုင်ရာ အမေရိကန်သည် ၄င်းတို့အတွက် အဓိကရေနံ တင်သွင်းသော နိုင်ငံမဟုတ်ပေ။ ထိုကြောင်း သူသည်လည်း ဒေါ်လာမဟုတ်သော တခြားငွေကြေးဖြင့် တောင်းခံ နိုင်မည်လား။

ဒေါ်လာဈေးကျမှုနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ကျယ်ပြန့်လာမှုသည် ပင်လယ်ကွေ့နိုင်ငံများအတွက် (ကူဝိတ်မှလွဲ၍) ပြဿနာလားဆိုတာ စဉ်းစားစရာ ဖြစ်လာသည်။ ဗဟိုဘဏ်တွင် reserve ထားသောအခါ ကန်ဒေါ်လာကို လက်ခံမှာလား ၊ ယူရိုကို လက်ခံမှာလားဆိုတာပင်ဖြစ်သည်။ ကန်ဒေါ်လာသုံးနေရမှ ယူရိုကို ချက်ချင်းပြောင်းသုံးလျှင် အခက်အခဲများနှင့် ရင်ဆိုင် ရနိုင်ပါသည်။ ၄င်းတို့တွင် ကန်ဒေါ်လာဖြင့်ထားရှိသော reserve ပမာဏမှာ အတော်များသောကြောင့် ဒေါ်လာ peg ကို ပြောင်းလျှင် ၄င်း၏အနေအထား ပျက်ယွင်းနိုင်ဖွယ်ရှိသည်။ ဒေါ်လာမဟုတ်သောငွေကြေးနှင့် pegလုပ်မည့် အကျိုးရလဒ်သည် ရရှိလာမည့်ဆုံးရှုံးမှုကို ကာမိမှာ မဟုတ်ပေ။ ထို့ကြောင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ကန်ဒေါ်လာဖြင့်သာ ဆက်လက် peg လုပ်မည်ဖြစ်သည်။ ကူဝိတ်တွင် ၇၀ % သာ ဒေါ်လာ पैगရှိပြီး ၃၀% သည် ယူရို၊ ယမ်းနှင့် စတာလင်ပေါင် တို့ဖြင့် peg လုပ်ထားသည်။

ဒေါ်လာမဟုတ်ရင် ပြယုဂ်ကဘာလဲ ၊

ရေနံထုတ်သူတွေက ဒေါ်လာပဲ သုံးသုံး၊ ယူရိုပဲသုံးသုံး တကယ်တမ်းအဓိကကျတာက Hard Currency တွေနဲ့peg မလုပ်ရင် ဘယ်ပြယုဂ် ( ငွေကြေးယူနစ် ) အသစ်ကို သုံးနိုင်ပြီလား ဆိုတာပင် ဖြစ်သည်။ ကန်ဒေါ်လာ၏ မျက်နှာပန်း ကျဆင်းလာပါသည်။ မှန်ပါသည်။ သို့သော် အရောင်းအ၀ယ် ပြုလုပ်ရာတွင် ၀ယ်သူရော၊ ရောင်းသူပါ လက်ခံနိုင်မည့် ငွေကြေးမျိုး ဖြစ်ရန် လိုအပ်ပါသည်။ နှစ်ဦးနှစ်ဘက်လုံးအတွက် ငွေုဖြစ်လွယ်မှု လွယ်မှသာ mutual benefit ရရှိနိုင်မည်ဖြစ်သည်။

Peg ပုံစံ ပြောင်းလဲမည်ဆိုလျှင် နိုင်ငံများသည် ၄င်း၏ reserve အနေအထားကို ထည့်သွင်း စဉ်းစားရမည်။ အီရန်ထက် ကူဝီတ်၏ peg ပုံစံသည် ခံနိုင်ရည်ရှိသော ဒီဇိုင်းမျိုးဖြစ်သည်။ သူသည် ကန်ဒေါ်လာနှင့်သာမက ယူရို၊ ပေါင်စတာလင်၊ ဂျပန်ယမ်းဖြင့်လည်း peg လုပ်ထားရာ ၄င်း၏ ကုန်သွယ်ရေးတွင် ပုံစံများ ပြောင်းလဲသွားရုံသာမက၊ စီပွားရေး အဆောက်အအုံ ခိုင်မာလာသည်။ ထိုကြောင့် ကန်ဒေါ်လာ၏ တန်ဖိုး ထိုးကျလာရာ နိုင်ငံ အတော်များများသည် ၄င်းတို့၏ reserve များကို ငွေကြေးယူနစ် အမျိုးမျိုးဖြင့် ဖြန့်ကျက် ထားလိုသည်။ ကမ္ဘာပေါ်တွင် ကန်ဒေါ်လာ အများဆုံး ကိုင်ဆောင်ထားသော တရုတ်သည်ပင်လျှင် သူ၏ Foreign Exchange reserve $ 1।43 trillion ကို ခိုင်မာသော ငွေကြေးများဖြင့် ပြောင်းထားလိုသည်။ ထိုသိုဆိုလျှင် ကန်ဒေါ်လာသည် ဆက်လက် ဈေးထိုးကျနေဦးမည်ဆိုလျှင် ကုန်သွယ်ရေးလုပ်ငန်းများတွင် ကမောက်ကမ ဖြစ်ရုံ သာမက ဗဟိုဘဏ်များတွင်လည်း အနေအထား ပျက်ယွင်းနိုင်ပါသည်။

ကမ္ဘာစီးပွားရေးဘယ်လိုဖြစ်မယ် . . . . .

ရေနံဈေးကို ကန်ဒေါ်လာနှင့် Peg မလုပ်တော့ရင် ကမ္ဘာ့စီးပွားရေးတွင် ထိခိုက်မှု ရှိနိုင်သလားဆိုတာ ကမ္ဘာ တစ်ဝန်းလုံး ပူပန်နေကြသည်။

နိုင်ငံများ အားလုံးသည် ကန်ဒေါ်လာအစား ယူရိုကို Peg လုပ်လာမည် ဆိုလျှင် ယူရိုဈေး မြောက်တက်လာမည် ဖြစ်ပြီး ဥရောပနိုင်ငံများ၏ ပို့ကုန်များသည် ဈေးနှုန်း မြင့်မားလာမှုကြောင့် ၀ယ်လိုအား ကျဆင်းကာ trade deficit နှင့် ရင်ဆိုင်ရဖွယ်ရှိနိုင်သည်။ ဂျပန်တွင် ၁၉၈၀ဒေါ်လာ အကျပ်အတည်းကြောင့် စီးပွားရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်ခဲ့ရာ ၂၀၀၀ခုနှစ်လောက်မှ ၄င်းအခက်အခဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ဂျပန်ယမ်းငွေ တန်ဖိုးသည် ၁၀% တက်လာခဲ့သည်။ ငွေကြေးတန်ဖိုးကျဆင်းမှုသည် ငွေဖောင်းပွမှု(inflation)ကို ဖြစ်စေရာ အပြန်အလှန်အားဖြင့် ငွေကြေးတန်ဖိုး တက်မှုသည် စီးပွားကျပ်တည်းမှု(deflation) နှင့် ရင်ဆိုင် ရနိုင်သည်။ တရုတ်အနေဖြင့် ကြည့်လျှင်လည်း အမေရိကန်ပြီးလျှင် စီးပွားတိုးတက်မှုနှုန်းများသော နိုင်ငံဖြစ်သည့် အပြင် ဘဏ္ဍာရေးဈေးကွက်အားသာသော နိုင်ငံဖြစ်သည်။ တရုတ်၏ Balance of parcent တွင် ပိုငွေပြနေရာ ၄င်းငွေများကို အမေရိကန်၏ budget deficit တွင် မြှပ်နှံထားသည့်အပြင် ကမ္ဘာ့နိုင်ငံအသီးသီး၊ အထူးသဖြင့် အာရှနိုင်ငံများတွင် ဖြန့်ကျက်ထားသည်။ ကန်ဒေါ်လာကျဆင်းမှုနှင့် Peg system ပြောင်းမည် ဆိုလျှင် တရုတ်နိုင်ငံ ၏ဘဏ်လုပ်ငန်းများတွင် ကမောက်ကမ ဖြစ်လာနိုင်ပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး လှုပ်ခတ်လာနိုင်သည်။

အမေရိကန်၏အားနည်းလာသောစီးပွားရေးသည် ဥရောပနှင့် ဂျပန်၏စီးပွားရေးထက် သာသည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်သည် စူပါပါဝါကို ရရှိထားသောကြောင့် ဖြစ်သည်။ အကယ်၍ အီရန်အပြင် ကူဝိတ်သို့မဟုတ် တခြားသော ပင်လယ်ကွေ့နိုင်ငံများပါ ဒေါ်လာမဟုတ်သော ငွေကြေးဖြင့် ရောင်းဝယ်မှုများ လုံးဝပြုလုပ်လာမည်ဆိုလျှင် । ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး သို့မဟုတ် ဘဏ္ဍာရေး အကျပ်အတည်း ခံရဦးမည်လား। ဒီထက်မက စီးပွားရေးကောင်းလာမည်လား။ လူအတော်များများသည် ဒေါ်လာဈေး အရမ်းကျလာလျှင် ထိုဂယက်သည် ကျန်တိုင်ပြည်များ၏ reserve တန်ဖိုးများကျဆင်းကာ ကြီးမားသော ထိခိုက်မှုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ကြသည်။

ထိုကြောင့် ကမ္ဘာ့စီးပွားရေးသည် မသေချာမရေရာ အခြေအနေသို့ ဖန်းတီးနေရာ နိုင်ငံခြား ငွေလဲလှယ်ရေး ဈေးကွက်တွင်လည်း မတည်ငြိမ်မှုများ ပေါ်လာနိုင်ပါသည်။ အကယ်၍ အမေရိကန်၏ ဥရောပသို့ ဈေးကွက်ထိုးဖောက်မှုသည် အောင်မြင်လာမည်ဆိုလျှင် ၊ ကန်ဒေါ်လာတန်ဖိုးတက်ရာတက်ကြောင်းတခုခု လုပ်နိုင်မည်ဆိုလျှင် ယူရိုဈေးပြန်ကျကာ ကန်ဒေါ်လာ နာလန်ထလာပြီး ငွေကြေးတန်ဖိုးသည် သံသရာ တစ်ပတ်ပတ်နေဦးမည်သာ။